ပါကစ္စတန် အနောက်မြောက်ပိုင်းဒေသမှာ ရဟတ်ယာဉ်နဲ့ အကူ ပစ်ပေးပြီး ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ် တွေကနေ တာလီဘန် တပ်မှူးနဲ့ လက်ထောက်တပ်မှူး ၅ဦး အပါအဝင် တာလီဘန် စစ်သွေးကြွ ၃၀ထက်မနည်းကို ပစ်သတ်ခဲ့ တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။ အနောက်မြောက်ဒေသ တာလီဘန်တွေ ခြေကုတ်ယူထားတဲ့ မာလာကန် ထဲက အောက်ပိုင်းဒေသမှာ အဓိကထားပြီး တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ နယ်စပ်ဒေသပြည်သူ့ စစ် တပ်ဖွဲ့ရဲ့ မော်တော်ယာဉ်တန်းကို တာလီဘန်တွေက ပစ်သတ်ခဲ့တဲ့အတွက် စစ်သား ၄ဦး ဒဏ်ရာရပြီးနောက်မှာ စစ်ရေးကို စတင်ခဲ့တာလို့ ပြောပါတယ်။ စွတ်တောင်ကြား အပါအဝင် မာလာကန်ဒေသမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ အပေးအယူ လုပ်တဲ့အနေနဲ့ ရှယ်လီယာ အစ္စလာမ်ဥပဒေကို ထုတ်ပြန်ဖု့ိ ကိစ္စနဲ့ ပတ်သက်ပြီး တာလီဘန်တွေနဲ့ အစိုးရတို့ အကြား ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် အငြင်းပွားနေကြပါတယ်။ ဒါပေမဲ့ တာလီဘန်တွေက စွတ်သဘောတူညီမှုကို ချိုးဖောက်ပြီး အစ္စလာမာဘတ်နဲ့ ကီလို ၁၀၀ လောက်ပဲ ဝေးတဲ့ ဘန်နာ ဒေသ အပါအဝင် အိမ်နီးချင်းဒေသတွေဆီကို တိုက်ခိုက်သူတွေကို ခိုးထုတ်နေတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာန အကြီးအကဲ ရာမန် မိလစ် (Rehman Malik) ကတော့ ဒေသတွင်းက လက်နက်ကိုင် အားလုံး လက်နက်ချရမယ်လို့ ပြောဆို လိုက်ပါတယ်။