သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်တုပ်ကွေးကြောင့် အထိတ်တလန့် ဖြစ်စရာမလို အိုဘားမားပြော


အမေရိကန်ပြည်ထောင်စုက ၀က်တုပ်ကွေး ကူးစက်မယ့်အန္တရာယ်ကို အနီးကပ် စောင့်ကြည့်နေပေမဲ့ အထိတ်တလန့် စိုးရိမ်စရာအကြောင်း မရှိဘူးလို့ သမ္မတ အိုဘားမား (Barack Obama) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဝက်တုပ်ကွေးရောဂါဟာ ကမ္ဘာ့မြောက်ခြမ်း ကနေဒါနိုင်ငံကနေ ကမ္ဘာ့တောင်ခြမ်း နယူးဇီလန်နိုင်ငံအထိ ကူးစက် ပြန့်ပွား မယ့် အလားအလာ ရှိနေတာကြောင့် ကပ်ရောဂါ မဆိုက်ရအောင်၊ လူတွေ အထိတ်တလန့် မဖြစ်ရအောင် ရှောင်ရှားနိုင်ဖို့
အတွက် ကမ္ဘာတ၀န်း အစိုးရတွေက ကြိုးစားနေတဲ့အချိန်မှာ သမ္မတအိုဘားမားက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၀က်တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ကပ်ရောဂါ အလားအလာရှိတာကြောင့် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ရတဲ့ လူထု ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။

ဝက်တုပ်ကွေး စတင်ဖြစ်ပွားရာ မက္ကဆီကိုနိုင်ငံမှာ ၀က်တုပ်ကွေးကြောင့် လူ ၁၀၃ ဦး သေဆုံးခဲ့ရပြီး ၁,၆၀၀ ကျော် နာမကျန်းဖြစ်နေတယ်လို့ ယူဆရပါတယ်။

အီးယူ ဥရောပသမဂ္ဂ ကျန်းမာရေးဝန်ကြီးတွေ ၀က်တုပ်ကွေးရောဂါ ကူးစက်မယ့် အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ နိုင်ငံတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့လည်း သတိပေးထားပါတယ်။

စပိန်နိုင်ငံမှာ ပထမဆုံး ၀က်တုပ်ကွေးရောဂါ ကူးစက်ခဲ့တာကို ဒီနေ့ အတည်ပြုနိုင်ခဲ့ပါတယ်။ အာရှနိုင်ငံတွေမှာတော့ လေကြောင်းက ၀င်ရောက်လာတဲ့ ခရီးသည်တွေကို စစ်ဆေးတာတွေ လုပ်နေကြပါပြီ။

အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနကလည်း လူထုကျန်းမာရေးအတွက် အရေးပေါ်အခြေအနေ ကြေညာ လိုက်ပါတယ်။ ဒီလို အရေးပေါ်အခြေအနေ ကြေညာခြင်းအားဖြင့် အာဏာပိုင်တွေအနေနဲ့ ပြည်ထောင်စုအစိုးရ ရန်ပုံငွေ တွေ သုံးစွဲခွင့်နဲ့ သိုလှောင်ထားတဲ့ ဗိုင်းရပ်စ်ပိုး ရောဂါကာကွယ်ဆေးတွေကို ဖြန့်ဖြူးခွင့်တွေကို ခွင့်ပြုနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG