အသေအပျောက်များလှတဲ့ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကမ္ဘာနဲ့ချီ ပျံ့နှံ့ နိုင်ခြေ ရှိတဲ့အဆင့်ကို သတ်မှတ်လိုက်ခြင်းက လူစုလူဝေးအဆင့်နဲ့ လူလူချင်း ကူးစက်နိုင်တဲ့အဆင့်ထက် ကျော်လွန်သွားကြောင်း အရိပ်လက္ခဏာ ပြလိုက်တယ်လို့ ဆိုပါတယ်။
ရောဂါပျံ့နှံ့မှု အဆင့် ၆ ဆင့်ရှိတဲ့အထဲ အခု အဆင့် ၃ ကနေ အဆင့် ၄ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မြှင့်တင်လိုက်တဲ့ အတွက် ကမ္ဘာနဲ့အဝန်း ပျံ့နှံ့မှုအဆင့်ကို ရောက်ဖို့ ၂ ဆင့်ပဲလိုတော့တယ်လို့ တနင်္လာနေ့မှာ WHO တာဝန်ခံများက ရှင်းလင်းပြောကြားကြပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါကြောင့် လူ ၁၄၉ ယောက် သေဆုံးပြီး တခြား ၁,၆၀၀ ကျော် ဝက်တုပ်ကွေးရောဂါ ဖြစ်နေကြလို့ WHO က အဲဒီလို အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအနှံ့ ပျံ့နှံ့နေနိုင်လို့ မက္ကဆီကိုနိုင်ငံကို ခရီးသွားလာမှု မပြုလုပ်ဖို့ ဆက်လက်သတိပေးသွားမယ်လို့ အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတန်နို (Janet Napolitano) က ဆိုလိုက်ပြီးနောက် WHO က အဲဒီလို ကြေညာတာ ဖြစ်ပါတယ်။
မက္ကဆီကိုက တာဝန်ခံများနဲ့ မပြတ် ဆက်သွယ်နေကြောင်း အမေရိကန် ဝန်ကြီး က ဆက်လက်ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၀၊ ကနေဒါနိုင်ငံမှာ ရောဂါဖြစ်သူ ၆ ယောက်၊ စပိန်နိုင်ငံမှာ ၁ ယောက် ရှိကြောင်း တနင်္လာနေ့မှာ အသီးသီး ကြေညာပါတယ်။
နယူးဇီလန်၊ ပြင်သစ်၊ အစ္စရေးလ်နဲ့ စကော့တလန်တို့မှာလည်း ဝက်တုပ်ကွေး ရောဂါလို့ မသင်္ကာရတဲ့လူနာများ တွေ့ရပြီး အဲဒီထဲက လူတချို့ကတော့ မကြာသေးခင်က မက္ကဆီကိုနိုင်ငံက ပြန်လာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။