သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား အသုံးပြုမှု လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ မြန်မာပါဝင်


မြန်မာစစ်အစိုးရရဲ့ စစ်တပ်နဲ့ တခြားလက်နက်ကိုင် အဖွဲ့အစည်း ၉ ခုတို့ဟာ ကလေးစစ်သား အသုံးပြုတာတွေကို ဆက်လက်ကျူးလွန်နေကြဆဲဖြစ်တယ်လို့ ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု အတိုင်းအတာဟာ ကြီးမားလှတယ်လို့လည်း နယူးယောက်အခြေစိုက် ကလေးများနဲ့ လက်နက် စွဲကိုင် ပဋိပက္ခအဖွဲ့ကြီးက တနင်္လာနေ့က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြ
ပေးထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အသက်မပြည့်တဲ့ ကလေးတွေကို စစ်တပ်ထဲ မသွပ်သွင်းဖို့ ဟန့်တားတဲ့ ကော်မတီတရပ် ဖွဲ့စည်း ပြီး တပ်မတော်ကြည်းတပ်မှာ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်ထဲမဝင်ခိုင်းဖို့ အရေးယူ ဆောင်ရွက်မှုတွေ ရှိခဲ့ပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ ဧပြီလ ၂၂ ရက်နေ့ထုတ် နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ကလေးစစ်သားအသုံးပြုမှု စိုးရိမ်မကင်းဖြစ်တဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်း ထားတာ တွေ့ရပါတယ်။

မြန်မာစစ်တပ်အပြင် တခြား တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၉ ခုတို့ကလည်း ကလေးစစ်သားတွေ အသုံးပြုနေတယ်လို့ ၅၁ မျက်နှာရှိတဲ့ အဲဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အတိုင်းအတာ ဟာ အတော်လေးစိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက မြန်မာနိုင်ငံ ကလေးစစ်သားများ ပြဿနာအတွက် ဘယ်လို ဆက်လုပ်ပေးသင့်ကြသလဲဆိုတဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းသံအမတ်ကြီး မာတင် ပါးလ်လပ်စ် (Martin Palouš) ကမကထပြု ကျင်းပတဲ့ အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ ကလေးစစ်သားနဲ့ လက်နက် စွဲကိုင်ပဋိပက္ခ စောင့်ကြည့်ရေး ဒါရိုက်တာ ဂျူလီယာ ဖရိဒ်ဆန် (Julia Freedson) က အခုလို ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“ပထမဆုံးအနေနဲ့ ကျမထောက်ပြလိုတာက မြန်မာနိုင်ငံက ကလေးစစ်သား အသုံးပြုမှုမှာ ပြဿနာအတိုင်းအတာဟာ လူတွေသိထားတာထက် ပိုပြီးကြီးမားတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီပြဿနာရဲ့ အတိုင်းအတာဟာ ဘယ်လောက်အထိ ကြီးမားသလဲဆိုရင် ကမ္ဘာတဝန်း တခြား ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေ အတိုင်းအတာနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။”

ဒါ့အပြင် အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ အစီရင်ခံစာကို လာမယ့် ဧပြီလ ၂၉ ရက် လုံခြုံရေးကောင်စီမှာ ဆွေးနွေး တဲ့အခါမှာလည်း မြန်မာနိုင်ငံမှာ ကလေးစစ်သားများ အသုံးပြုမှု ပြဿနာ ပပျောက်ရေးအတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့လည်း မစ္စဖရိဒ်ဆန်က ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုက်ညီမယ့် အချိန်အကန့်အသတ်နဲ့ လိုက်နာဆောင်ရွက်ရမယ့် အစီအစဉ်မျိုး လိုက်နာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုဖို့ အချိန်တန်ပြီလို့ ကျမတို့ ယုံကြည်ပါတယ်။ အဲဒီ အရေးယူဆောင်ရွက်မယ့် အစီအစဉ်အရ ကန့်သတ်ချက်အတိုင်း မလိုက်နာနိုင်ခဲ့ဘူးဆိုရင် လုံခြုံရေးကောင်စီအနေနဲ့ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဖြစ်တဲ့ ခရီးသွားခွင့် ပိတ်ပင်မှုတွေ၊ ပိုင်ဆိုင်ပစ္စည်း ချိပ်ပိတ်မှုတွေ အစရှိတဲ့ အရေးယူ မှုမျိုး မြန်မာစစ်အစိုးရအပေါ် ချမှတ်သင့်တယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံ ကလေးစစ်သားအသုံးပြုမှုမှာ ပါဝင်ပတ်သက်နေတဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ထဲက တချို့အဖွဲ့အစည်းတွေက ကလေးစစ်သားအသုံးပြုမှု ရပ်ဆိုင်းဖို့ ကတိပေးခဲ့ကြတာတွေ ရှိပေမယ့် မြန်မာအစိုးရဘက်က ဟန့်တားမှုကြောင့် ကုလသမဂ္ဂအနေနဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခွင့် မရရှိခဲ့ဘူးလို့လည်း မစ္စဖရိဒ်ဆန်က ထောက်ပြခဲ့ပါတယ်။

“ဒီအဖွဲ့တွေထဲက တချို့အုပ်စုတွေဟာ ကလေးစစ်သားအသုံးပြုမှုမှာ ပြဿနာ အဆုံးသတ်ပေးဖို့ သူတို့ဘက်က ဆောင်ရွက်ပေးမယ့် ခံဝန်ချက်တွေကို လက်မှတ်ရေးထိုးထားတာတွေ ရှိနေပါတယ်။ အထူးသဖြင့် ကေအန်ယူနဲ့ ကရင်နီ အဖွဲ့အစည်းပါ။ ဒါပေမဲ့ အစိုးရဘက်က သူတို့တွေကို ကုလသမဂ္ဂနဲ့ စကားပြောဆိုခွင့်၊ ဆက်သွယ်ခွင့်မပေးတဲ့အတွက် တရားဝင် အရေးယူဆောင်ရွက်မယ့် အစီအစဉ်မှာ ကုလသမဂ္ဂက ဒီအချက်ကို ထည့်သွင်းနိုင်ခွင့် မရခဲ့ပါဘူး။”

မစ္စရိဒ်ဆန် ထောက်ပြခဲ့တဲ့အချက်ကို ကုလသမဂ္ဂ ကလေးများနဲ့ လက်နက်စွဲကိုင်ရေး ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် လည်းဖြစ်၊ မြန်မာနိုင်ငံကို သွားရောက်စုံစမ်းစစ်ဆေးခဲ့တဲ့ မစ္စ ရာဒီကာ ကုမာရာဆွာမိ (Ms Radhika Coormaraswamy) ကလည်း ပြီးခဲ့တဲ့သီတင်းပတ် သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြခဲ့တာ တွေ့ရပါတယ်။

ချက်သံအမတ်ကြီးက ကြီးမှူးကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ မြန်မာနိုင်ငံက ကလေး စစ်သားများ အသုံးပြုမှုပြဿနာ ဖြေရှင်းရေးအတွက် အခုလို သုံးသပ်ပါတယ်။

“ကလေးစစ်သား ပပျောက်ရေးနဲ့ ပတ်သက်လို့ ကာလတချို့ ယူအန်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ ပြောနေတဲ့ကြားထဲက ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့ နိုင်ငံတွေပေါ့၊ ဥပမာအားဖြင့် ဆူဒန်လိုကိစ္စမျိုးတွေမှာလည်း ကလေးစစ်သားစုဆောင်းမှု အပါအဝင် တခြား Crime Against Humanity လူသားချင်း ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ပတ်သက်ပြီး ICC ခေါ် နိုင်ငံတကာ တရားရုံးတွေကို လွှဲအပ်တာတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေကတော့ သန်ဘက်ခါ လုံခြုံရေးကောင်စီမှာလုပ်မယ့် အစည်းအဝေးပေါ့။ အဲဒီမှာ ဆက်ပြီးဆွေးနွေးဖို့တွေ ရှိတယ်။

“လောလောဆယ် အနေအထားမှာကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးရယ်၊ လုံခြုံရေးကောင်စီရဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အလုပ်အဖွဲ့ရယ်၊ ယူနီဆက်ဖ်ရယ်၊ အိုင်အယ်လ်အိုရယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ယူအန်အေဂျင်စီတွေအနေနဲ့ လုပ်ခဲ့မယ်ဆိုရင် အခြေအနေ ဒီ့ထက် ပို ကောင်းအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိတယ်လို့တော့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။”

အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG