သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ်ရပ်အဖွဲ့တွေနဲ့ နယ်မြေအလိုက် တွေ့ဆုံဖို့ မြန်မာစစ်အစိုးရ စီစဉ်


မြန်မာနိုင်ငံ တဝန်းမှာရှိတဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးနီးပါးကို ဒီနေ့ ဧပြီလ ၂၈ ရက်နေ့မှာ သက်ဆိုင်ရာ စစ်တိုင်းတွေက တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန် အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ရွေးကောက်ပွဲ အပေါ် သဘောထားကို ပြတ်ပြတ်သားသား သိနိုင်အောင် ကြိုးစားနေပြီး ရွေးကောက်ပွဲမှာ ပါဝင်အောင် လည်း ဖိအားပေးနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထား ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ တိတိကျကျ ဖော်ပြထားတာမျိုး မရှိတဲ့အတွက် လက်နက်တွေကိုစွန့်ပြီး နိုင်ငံရေးပါတီတွေဖွဲ့၊ ရွေးကောက်ပွဲ ဝင်ခိုင်းတာမျိုးကို လက်ခံ မှာ မဟုတ်ဘူးဆိုပြီး အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကိုယ်တိုင် ပြောဆိုနေတာတွေ ရှိပါ တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘယ်လိုအခန်းကဏ္ဍက ပါဝင်မလဲ သဲသဲကွဲကွဲ မသိရသေးတဲ့အချိန် အခုလို မြန်မာစစ်အစိုးရဘက်က အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တရက်ထဲ သက်ဆိုင်ရာနယ်မြေတွေအလိုက် တဖွဲ့ချင်း တွေ့ဆုံဖို့ စီစဉ်တာပါ။

“ဟုတ်တယ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကပါ။ တခြား အဖွဲ့အစည်းတွေကိုလည်း ခေါ်တယ်လို့ ကြားသိရတယ်။ မြစ်ကြီးနားမှာပဲခင်ဗျ။”

ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က အစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောသွားတာ ဖြစ်ပါတယ်။

အခုတွေ့ဆုံဆွေးနွေးမှုတွေက စစ်အစိုးရဘက်က တိုင်းရင်းသားတွေကို လက်နက်စွန့်ဖို့ ဖိအားပေးတာမျိုးတွေ မအောင်မြင်တော့တဲ့အဆုံး သူတို့ကို လက်နက်ချစရာမလိုဘူး၊ ဒါပေမဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ လိုတယ် ဆိုပြီး ဖိအားပေးတဲ့ ခြေလှမ်းမျိုးကို စပြီးလှမ်းလာတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က နိုင်ငံရေးသုံးသပ်သူတဦးဖြစ်တဲ့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုအဖွဲ့ရဲ့ သုတေသနမှူး ဦးဌေးအောင်က အခုလိုမြင်ပါတယ်။

“သူတို့က လက်နက်တွေ ချပေးစရာမလိုဘူးဆိုတာတော့ တရားဝင်ပြောပြီးပြီ။ အရင်တခေါက်ကလည်း သွားပြောထားတာ ရှိတယ်။ အခုတခါက ရွေးကောက်ပွဲမှာ ပါမလား၊ မပါဘူးလား ဆိုတဲ့ဟာကို အပြတ်မေးမယ်နဲ့တူတယ်။ အဲဒီကိစ္စ သဘောထား တောင်းမယ်ထင်တယ်။ အစတုန်းကတော့ ဖိအားပေးနေတာ ၂၀၀၅ ကတည်းက စပြီး လက်နက်တွေ ချဖို့ ဖိအားပေးနေတာ တကယ်ရှိတယ်။

“ဒါပေမဲ့ အခု အင်အားအတောင့်တင်းဆုံး အဖွဲ့အစည်းတွေက နည်းနည်း ပြန်ပြီး ကလန်ကဆန် လုပ်လာတဲ့အပေါ်မှာ သူတို့ရွေးကောက်ပွဲ ပျက်မှာစိုးပြီး အခု အဲဒါကို နောက်ဆုတ်လိုက်တဲ့သဘောပေါ့။ အဲဒီကိစ္စကို အခု ရှေ့တန်းတင် မပြောဘူး။ တချိန်ချိန်ကျမှ၊ နောက်အစိုးရလက်ထက်ကျမှ ဆိုတာမျိုး သူတို့က ရွှေ့ထားတယ်။

“အခုလတ်တလောကတော့ ရွေးကောက်ပွဲဝင်ရေးပေါ့။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတုန်းကလည်း အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေအပါအဝင် တိုင်းရင်းသားတွေအများစုက ဝင်ပြီးတော့ တက်တက်ကြွကြွ ရေးဆွဲခဲ့တယ်။ သူတို့ သဘောထား ဆန္ဒပါတယ်ဆိုတာကို ပြခဲ့တယ်ပေါ့။ အခုတခါ ရွေးကောက်ပွဲမှာလည်း သူတို့အနေနဲ့က တိုင်းရင်းသားတွေ ကိုယ်တိုင် ပါဝင်အရွေးခံခဲ့တယ်ဆိုတာကို နိုင်ငံတကာရော ပြည်တွင်းမှာပါ ပြဖို့ အရေးကြီးနေတယ်၊ သူတို့အတွက်။”

မြန်မာစစ်အစိုးရက တွေ့ဆုံမယ့်အထဲမှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကယန်းလက်နက်ကိုင်အဖွဲ့ (ကလလတ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကိုးကန့်အဖွဲ့၊ ဝတိုင်းရင်းသားအဖွဲ့၊ ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကေအိုင်အေ၊ အန်ဒီအေကေ စတဲ့ တိုင်းရင်းသားအဖွဲ့တွေအပြင် SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ဒီအဖွဲ့အစည်းတွေ အားလုံး ပါဝင်ပါတယ်။

ဒီအစည်းအဝေးဟာ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်နဲ့တိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေး ကျင်းပနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုတွေဟာ ၂၀၁၀ မှာ စစ်အစိုးရက အဆိုပြုထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို ဦးစားပေး တင်ပြလာနိုင်တာတွေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက် တွေတော့ တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG