ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်နဲ့မိုင် ၆၀ ကျော်ပဲဝေးတဲ့ နိုင်ငံ အနောက်မြောက်ပိုင်း ဘူနဲခရိုင်ထဲကနေ တာလီဘန် အစွန်းရောက် လက်နက် ကိုင်တွေကို မောင်းထုတ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ် တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ပါကစ္စတန်စစ်ဘက်က ပြောလိုက်ပါ တယ်။
တာလီဘန်တွေကို ဒီကနေ့မှာ အရှိန်မြှင့်တိုက်ခိုက်နေတာဖြစ်ကြောင်း ပါကစ္စတန်
စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောတာပါ။ ဘူနဲခရိုင်ကနေ ထွက်ခွာဖို့အစီအစဉ် မရှိဘူးဆိုတာကို ပြနေတဲ့ တာလီဘန်တွေရဲ့ ဆက်သွယ်ပြောဆိုချက်တွေကို တာဝန်ရှိသူတွေ ရထားတယ်လို့ ပါကစ္စတန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မာလာကန်ဒေသထဲက အဲဒီခရိုင်မှာ လက်နက်ကိုင် ၅၀၀ လောက် ရှိနေမယ်လို့ စစ်ဘက်က ခန့်မှန်းထားကြောင်း သူကပြောပါတယ်။
တာလီဘန်လက်နက်ကိုင်တွေ ဘူနဲခရိုင်ထဲ ဝင်သွားခဲ့ပြီး ပြန်ထွက်သွားတဲ့ပုံ ပေါ်ပြီးတဲ့နောက် ရက်အတော်အကြာမှာ မာလာကန်ဒေသ၊ ဒီယာအောက်ဘက်ခရိုင်မှာ အခုနောက်ဆုံး ထိုးစစ်ကို လုံခြုံရေးတပ်တွေ စတင်ခဲ့တာပါ။
ဒါပေမယ့် တာလီဘန်တွေဟာ တနင်္လာနေ့က ဘူနဲခရိုင်ထဲကို ပြန်ဝင်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီး ရာမန် မာလစ်ခ် (Rehman Malik) က ဒီကနေ့ ပြောပါတယ်။ ဒေသတွင်းမှာ အစိုးရအာဏာ ပြန်တည်ဆောက်တာကို ပိတ်ပင်တားဆီးဖို့ ကြိုးစားမယ်ဆိုရင် တိုက်ထုတ်ပစ်မယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။