သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်န်အယ်လ်ဒီ တိုင်းနဲ့ပြည်နယ် အစည်းအဝေး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် ဆွေးနွေး


မြန်မာပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး လက်ရှိ ချမှတ် ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်တွေမှာ ဒီမိုကရေစီ စံချိန် စံနှုန်းနဲ့ မကိုက်ညီတာတွေကို ညှိနှိုင်းဖယ်ရှားပေးမယ်ဆိုရင် ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စဉ်းစား မယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

အန်န်အယ်လ်ဒီဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ်ပေါင်းစုံ အစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးစာတမ်း အဓိက တင်သွင်းသူ အန်န်အယ်လ်ဒီ ရန်ကုန်တိုင်း ဒု-ဥက္ကဋ္ဌ ကျောက်တန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းကို ကိုသိန်းထိုက်ဦးက ဆက်သွယ် မေးမြန်း တဲ့အခါ သူက အခုလို စပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ အရင်ကတည်းက ပြောခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးပါပဲ။ တွေ့ဆုံဆွေးနွေးရေးကသာလျှင် မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်း ပြေလည်မှုဆိုတာ ဖြစ်မှာကိုးဗျ။ အဲဒါကသာလျှင် ကျနော်တို့အတွက် အဓိက လမ်းကြောင်း ပါ။ ၂၀၁၀ ဆိုတာကတော့ ကျနော်တို့လူတွေဆုံတုန်းမှာ သူတို့သဘောနဲ့သူတို့ ဆက်ပြီး ၂၀၁၀ သွားမယ် ဆိုရင်လည်း ဘယ်လိုလုပ်ကြမလဲလို့ ဆွေးနွေးကြတာပါ။”

ဆွေးနွေးကြတဲ့နေရာမှာ အဖြေ ဘာထွက်ပါသလဲ၊ လူအများစုရဲ့ဆန္ဒက ဘယ်လိုရှိပါသလဲ ခင်ဗျ။

“အဖြေကတော့ မထွက်သေးဘူးလို့လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ တိုင်းနဲ့ပြည်နယ် ၅ ခုပဲ ပြီးသေး တယ်။ ကျန်တာတွေက အများစုကျန်နေသေးတော့ ဒါကို ကျနော်တို့က အများရဲ့သဘောထားလို့ ပြောလို့မရသေးဘူး ထင်တယ်။”

တကယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံဖို့ဆိုရင် ဘယ်အချက် တွေ လိုအပ်တယ်လို့ အန်န်အယ်လ်ဒီဘက်က မြင်ပါသလဲ၊ သတ်မှတ်ချက် ရှိပါသလား။

“ကျနော်တို့ကတော့ ကိုယ်စားလှယ်တော်တွေဆီကို တင်ပြထားတယ်၊ အန်န်အယ်လ်ဒီအဖွဲ့ချုပ်ကတော့၊ အကယ်၍ သူတို့ သဘောနဲ့ သူတို့ သွားတယ်ဆိုဦးတော့ ကျနော်တို့ အရင်ကတည်းက တောင်းဆိုထားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ စသဖြင့် အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးမယ်ဆိုရင်၊ ဒါ နံပါတ် ၁ ပေါ့၊ နံပါတ် ၂ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ဟာတွေကို သုံးသပ်ဆွေးနွေးပြီး ဖယ်ရှား ပေးမယ်ဆိုရင်၊ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲဟာ တကယ်ပဲ လွတ်လပ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးလည်း ဖြစ်မယ်၊ အဲဒီရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း အပြည်ပြည်ဆိုင်ရာရဲ့စောင့်ကြပ်ကြည့်ရှုမှုကို ခွင့်ပြုမယ်ဆိုရင်တော့ ဒါကို ဝင်ဖို့ ကျနော်တို့ ရည်မှန်းတယ်၊ အလေးအနက် စဉ်းစားမယ်ဆိုတဲ့သဘော၊ အဲဒါကို ကျနော်တို့က တင်ပြထားတယ်။
ဒါကို တက်လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အဖြေထုတ်ပြီး ကြေညာချက်တခု ထွက်ပါလိမ့်မယ်။”

ပြည်သူလူထုရဲ့ ဆန္ဒကိုရော တီးမိခေါက်မိတာမျိုးတွေ၊ လူအများစုက အန်န်အယ်လ်ဒီအပေါ်မှာ ဘယ်လိုသဘောထားတွေ ရှိပါသလဲခင်ဗျ။

“ကျနော်တို့ စစ်တမ်းဆိုတာတော့ မရှိပါဘူး။ ဘယ်လိုလုပ် စစ်တမ်းကောက်မလဲ၊ ဒီမှာတော့ မရပါဘူး။ အဖွဲ့ချုပ်ဝင်တွေရဲ့ ပြောကြားချက်၊ သူတို့အတွေ့အကြုံနဲ့ ကျနော်တို့ အတွေ့အကြုံ ပေါင်းစပ်ပြီးတော့ ခန့်မှန်းတာလောက်ပဲ ရှိမှာပေါ့ဗျာ။ အဲဒီ ဟာအရဆိုရင်တော့ အန်န်အယ်လ်ဒီဟာ ဘာပဲဖြစ်ဖြစ် ဒီကနေ့အထိ ပေးထားတဲ့တာဝန်ကို ဆက်လက်ပြီး ထမ်းဆောင်နေ တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ သူတို့ပေးထားတဲ့တာဝန်ဆိုတာ ဒီမိုကရေစီတာဝန်ပေါ့ဗျာ၊ ဒါကိုတော့ သူတို့ အသိအမှတ်ပြုတယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့နဲ့တွေ့နေတဲ့ ပြည်သူတွေပြောတဲ့ စကားအရဆိုရင် ဒါ သိပ်တော့ မှားနိုင်စရာ မရှိပါဘူး။”

လူထုက အန်န်အယ်လ်ဒီကို ရွေးကောက်ပွဲမှာ ပြန်ဝင်စေချင်တယ်ဆိုရင်ရော အန်န်အယ်လ်ဒီအနေနဲ့ ဒါကို စဉ်းစားဆုံးဖြတ် ဖို့ ရှိပါသလား။

“အဲဒါပါပဲ။ ကျနော်တို့ ဒီကနေ့ ဆွေးနွေးနေတဲ့ကိစ္စကလည်း ဒါပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ နအဖအနေနဲ့ သူတို့ဆန္ဒနဲ့သူတို့ ဆက်ပြီးသွားမယ်ဆိုရင် ဒီရွေးကောက်ပွဲကို ဝင်မလား၊ မဝင်ဘူးလားဆိုတာကို ခင်ဗျားစိတ်ဝင်စားသလို
ပြည်သူလူထုလည်း စိတ်ဝင်စားမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါကြောင့်မို့လည်း အဖြေပေးနိုင်အောင် ကြိုးစားတာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ပြည်သူလူထုဆန္ဒကိုတော့ အမြဲတမ်း လေးစားနေမှာပါပဲ။”

အရင်တုန်းက အစည်းအဝေးတွေမှာတော့ အာဏာပိုင်တွေဘက်က ဝင်ပြီးတော့ နှောင့်ယှက်တာမျိုးတွေ၊ ဖမ်းတာ ဆီးတာ မျိုးတွေ ရှိခဲ့တယ်။ အခုထိတော့ ကျနော်တို့သိသလောက် လုံခြုံရေးတွေ ချထားတယ်လို့တော့ ကြားရပါတယ်။ အဲတော့ ချောချောမွေ့မွေ့ ကျင်းပနိုင်မယ်လို့ မျှော်လင့်ပါသလား။

“မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အစည်းအဝေး မစခင်ကတည်းကိုက အရေးကြီးတဲ့ပုဂ္ဂိုလ်တွေကို ခေါ်ပြီး ထိန်းသိမ်းထားလိုက်တာတွေ ရှိတာကိုး။ အခုဟာကတော့ ဒီကနေ့ဆိုရင် ဒါက အကြိုနေ့နဲ့တွက်မယ်ဆိုရင် ၂ ရက် မြောက်နေ့လို့ ပြောလို့ရပါတယ်။ ဒီကနေ့အထိ သူတို့ ဘာမှအနှောင့်အယှက်ပြုတာတော့ မရှိပါဘူး၊ စောင့်ကြည့်တာလောက် တော့ ရှိတာပေါ့ဗျာ။”

ဒီအစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေရော ဘယ်လောက်ထိ ပါဝင် တက်ရောက်နိုင်ပါသလဲ။ အထူးသဖြင့် ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်အထိ ပါဝင်နိုင်ပါသလဲခင်ဗျ။

“အဲဒီစာရင်းဇယားကတော့ အဖွဲ့ချုပ်ရုံးက ကိုင်တဲ့သူပဲ သိမယ်။ ကျနော်ခန့်မှန်းသလောက်ဆိုရင် ၉၀ ပတ်ဝန်းကျင်လောက် တော့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါမယ်လို့ ထင်ပါတယ်။ ကျန်တာကတော့ တိုင်းနဲ့ပြည်နယ်ပေါ့။ အားလုံး ၁၅၀
ပတ်ဝန်းကျင်လောက်တော့ ရှိပါလိမ့်မယ်။”

ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းကို ကိုသိန်းထိုက်ဦးက ဆက်သွယ် မေးမြန်းခဲ့ တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG