သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးဗိုင်းရပ် ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင် WHO သတိပေး


ဧပြီလ ၂၉၊ ၂၀၀၉။ မက်ဆီကိုမှာ စပြီး ပျံံနှံလာတဲ့ H1N1 ဝက်တုပ်ကွေးှဗိုင်းရပ်ဟာ အများပြည်သူအကြား ကူးစက်ပြန့်နှံလာနိုင်တဲ့ ကပ်ရောဂါဘေးဆိုးတခုဖြစ်လာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ မက်ဆီကိုမှာ ဧပြီ ၂၈ရက်နေ့အထိ လူပေါင်း ၁၅၀ကျော်သေဆုံး လူပေါင်း ၁၅၀၀ကျော် ဖျားနာခဲ့တဲ့ ဝက်တုပ်ကွေးဗိုင်းရပ် ပျံနှံမှုကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာခေါင်းဆောင်တွေရော ကျန်းမာရေးအရာရှိတွေပါ အစွမ်းကုန် ကြိုးပမ်းနေကြပါတယ်။

ကမ္ဘာတောင်ဖက်ခြမ်းမှာ တုပ်ကွေးရာသီချိန်ရောက်လာတာမို့ ကမ္ဘာကျန်းမာရေးအဖွဲ့အနေနဲ့ အခု ဝက်တုပ်ကွေးဗိုင်းရပ် ပျံနှံမှုကို စိုးရိမ်စရာအဆင့် (၄) WHO က သတ်မှတ်လိုက်ပါတယ်။ ဆိုလိုတာက လူတဦးကနေ တဦးကို ပျံနှံ့ကူးစက်နိုင်တဲ့အဆင့်မို့ ကပ်ရောဂါဆိုးအခြေအနေ ကျရောက်လုနီးပါးလို့ ပြောရမှာပါ။

ဒီဝက်တုပ်ကွေးအမျိုးအစားဟာ ဝက်မှာဖြစ်လေ့ရှိတယ်ဆိုပေမယ့် အခုဗိုင်းရပ်ကတော့ လူ ဝက်နဲ့ ငှက်တို့မှာ တွေ့ရတဲ့ တုပ်ကွေးမျိုးရိုးဗီဇရှိတဲ့ H1N1 မျိုးစိတ်သစ်ဖြစ်ပါတယ်။

တကမ္ဘာလုံးမှာရော မြန်မာနိုင်ငံမှာပါ ဝက်တုပ်ကွေးသတိပေးချက်တွေ ထုတ်ပြန်နေပေမယ့်လို့ မြန်မာနိုင်ငံမှာတော့ ရန်ကုန် မန္တလေးမြို့ကြီးတွေမှာတောင် လူထုအကြား ရောဂါပျံ့နှံမှုအသိပညာရရှိတာ အင်မတန်နည်းသေးတယ်လို့ ဆိုရမှာပါ။

ဒီရောဂါနဲ့ပတ်သက်တဲ့ လက္ခဏာ ရှောင်ရန်အချက်တွေအပါအဝင် ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေတွေကို အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက စီစဉ်တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG