သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျှင် NLD ရွေးကောက်ပွဲ ဝင်ဖို့ စဉ်စားမည်



NLD ညှိ့နှိုင်းဆွေးနွေးပွဲ (ဓါတ်ပုံ -ဗွီအိုအေ မြန်မာ၊ ဧပြီ၊ ၂၀၀၉)
NLDရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရွှေဂုံတိုင် ကြေညာချက်ထဲမှာ စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ မဆန်တဲ့ အချက် တွေကို ပြုပြင်ပေးရမယ်လို့ တောင်းဆို ထားတာတွေ့ရပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက ဦးဝင်းတင်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။

ဦးဝင်းတင်။ ။ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဆိုတာက အရပ်တွေး တွေး၊ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အကုန်လုံးဆိုပါတော့။ ထားပါ တော့။ တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ ပါဝင်သည်ဆိုပြီးတော့ ပြည်သူတွေက ရွေးကောက် တင်မြှောက်တဲ့ လွှတ်တော်မှာ သူတို့က ထိပ်ဆုံးကနေ စီးပြီးတော့ လုပ်တဲ့ ပုံသဏ္ဍန် မျိုး။ အဲဒါမျိုးတွေပေ့ါ။ တပ်မတော် သမ္မတတို့၊ ဒုတိယ သမ္မတတို့ရဲ့ အရည်အချင်းတို့မှာ စစ်ရေး အတွေ့အကြုံတွေ ပါရမယ် ဆိုတာမျိုးတွေ၊ အဲဒီကနေမှ ဝန်ကြီးတွေ ခန့်တဲ့ ကိစ္စ၊ တပ်မတော်က ဝန်ကြီးတွေ ခန့်တာတွေ၊ ဟိုးအောက်ခြေ ခရိုင်တွေ အထိပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ တပ်မတော်သားတွေက စည်းရုံးနေတာမျိုးတွေ၊ အခြေခံ ဥပဒေကို ပြင်မယ်ဆိုရင် ၇၅%ရမှသာ ပြင်ခွင့်ရမယ်ဆိုတာမျိုးတွေ၊ နောက်ဆုံးပိတ် ကုန်ကုန်ပြောရရင် စစ်တပ်ကနေပြီး အချိန်မရွေး အာဏာသိမ်း နိုင်ခွင့် ရှိတဲ့ သဘောမျိုးတွေ ပေးထားတဲ့ ကိစ္စမျိုးတွေက ဒီမိုကရေစီမဆန်သော အချက်များပေါ့။
ဦးကျော်ဇံသာ။ ။အချက် ၃ချက်ရှိပါတယ်။ ပထမအချက်က တပ်မတော်ဟာ အမြဲတမ်း နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ရမယ် ဆိုတဲ့ အချက်အပါအဝင် စစ်တပ်က ရာထူးတွေ အများကြီး ယူထားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီဟာတွေကို ဘယ်လို ပုံစံမျိုး ပြင်ရင် ဆရာတို့ဘက်က လက်ခံနိုင်မယ့် အဆင့်ရှိတယ်ဆိုတာကို အကြမ်းဖျင်း ပြောပါခင်ဗျ။
ဦးဝင်းတင်။ ။အဲဒါတွေကို ပြောရရင် ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးဆိုတာကို တင်ထားပါတယ်။ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြပါ။ ကျွန်တော် ဘယ်လောက်အထိတောင် ပြောသလဲဆိုရင် အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်များ၊ ဆိုလို တာက ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ပုဂ္ဂိုလ်မျိုးတွေ၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ရှင်းရမှာ ပေ့ါ။ တထိုင်တည်းနဲ့ ပြောလို့ မရဘူးဗျာ။ တခုတည်း ကောက်ကာငင်ကာ ပြောလို့မရဘူး။ ဒါဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ရှင်းရမှာပဲ။ ကျွန်တော်ပြောချင်တာက ဒီ တွေ့ဆုံဆွေးရေးကို နှစ်ဘက်စလုံး စေတနာမှန်နဲ့ လုပ်ကြမယ်ဆိုရင် အကုန်လုံး ချောချောမွေ့မွေ့ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်လို့ အဖွဲ့ချုပ်က သဘောရတယ်။ ဒီလို လိုက်လျောချက်တွေကို ပြောတာပဲ။ ပြင်ရင်ပြင် မပြင်ရင် မဝင်ဘူးဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ကြားထဲမှာ NLDပါတီက ရွေ့လာပြီးတော့ ပြင်ပါ။ ဒါတွေ ပြင်လာပြီးရင် ဝင်ဖို့အတွက် ရည်ရွယ်တယ်ဆိုတာကို ထုတ်ပြောလာတယ်။ ဒါဟာ အလွန်ကို လိုက်လျောချက်ပေ့ါဗျာ။

ဦးကျော်ဇံသာ။ ။ လိုက်လျောချက်တွေထဲမှာ အရင်တုန်းက တောင်းဆိုချက်တွေထက် လျော့သွားတာကို မတွေ့ရသေးဘူး။ ပြင်ရင် ဝင်ဖို့ စဉ်းစားမယ်ဆိုတာ ဆရာတို့ဘက်က ပိုပြီး လိုက်လျောလာတာ တွေ့ရပါတယ်။ ဟုတ်ပါသလားခင်ဗျ။

ဦးဝင်းတင်။ ။ ဟုတ်ပါတယ်ခင်ဗျ။ အရင်ဟာတွေနဲ့ ကွဲတယ် မကွဲဘူးဆိုတဲ့ အခြေခံက ကျွန်တော်တို့ရဲ့ မူလ မူဝါဒတွေပါ။ ဒါတွေကို လက်လွှတ်စပယ်တော့ မစွန့်လွှတ်နိုင်ဘူး။ ဒါတွေအကုန်လုံးဟာလဲ ခုနပြောတဲ့ တွေ့ဆုံဆွေးနွေးပွဲကိုပဲ ပြန်ရောက် မှာပဲ။ တွေ့ဆုံဆွေးနွေးကြလို့ရှိရင် ကျွန်တော်တို့တွေ မူဝါဒတွေနဲ့ ပတ်သက်လို့ အလျော့အတင်းတွေ ရှိမယ်။ ပြုပြင် ပြောင်းလဲမှုတွေ ရှိနိုင်မယ်။ ဒါတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေ အပျော့အပြောင်းတွေ ဖြစ်လာနိုင် တယ်။ အတိုချုပ်လိုက်ရင် ကျွန်တော်တို့က လိုက်လိုက်လျောလျော လုပ်မယ့် စေတနာရှိတယ်။ ပြဿနာကို ဖြေရှင်းချင်ကြ တယ်။ လိပ်ခဲတည်းလည်း နှစ်ပေါင်း ၂၀လောက် ဖြစ်လာတဲ့ ပြဿနာကြီးကို ရှင်းချင်တဲ့ စေတနာ ရှိတယ်။ အဲဒါကြောင့် လိုက်လိုက်လျောလျောလုပ်တယ်။ ပြဿနာတွေကို ဟိုပြဿနာ ပြောစရာတွေ အများကြီးရှိတယ်။ ပြင်စရာတွေ အများကြီး ရှိမယ်။ အဲဒီ ကိစ္စတွေ အားလုံးအတွက်က တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ ရှင်းကြမယ်။ ဒါပဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဆရာတို့ဘက်က အစကတည်းက ဒီသဘောထားပဲလို့ ထင်ပါတယ်။ စစ်အစိုးရဘက်ကရော NLD ဘက်က ရော ပိုပျော့ပြောင်းလာတယ်လို့ ယူဆနိုင်တဲ့ အချက်တော့ အထွေအထူး ဘာမှ မပါဘူးပေါ့ ဆရာ။

ဦးဝင်းတင်။ ။ အချက်အနေနဲ့ကတော့ မပြောနိုင်ဘူး။ သဘောထားက အရေးကြီးတာကိုး။ ကျွန်တော်တို့ရဲ့ စိတ်ထားပေ့ါ။ ကျွန်တော်တို့ရဲ့ ATTITUTE က ရွေ့လာပြီခင်ဗျ။ ပြေပြေလည်လည်ဖြစ်ချင်တယ်။ လိုက်လိုက်လျောလျောလုပ်ချင်တဲ့ စိတ်ထားက အရေးကြီးပါတယ်။ အချက်တွေကတော့ ဘယ်ဟာ မပြောင်းသေးဘူး။ ဘယ်ဟာက ပြောင်းတယ်ဆိုတာတွေက ပညာရှင်များလည်း ဥပဒေပညာရှင်များနဲ့ ဆွေးနွေးလည်း ရပါတယ်။ ဒါတွေက ရှင်းလို့ ရပါတယ်။

ဦးကျော်ဇံသာ။ ။ ဆရာတို့က ဟိုဘက်က ဘယ်လို တုံ့ပြန်မယ်လို့ မျှော်လင့်ချက် ထားပါသလဲခင်ဗျ။

ဦးဝင်တင်။ ။ ဒါကတော့ ကျွန်တော့် စကားဆိုတာထက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ပြောသွားတဲ့ စကားကို ကိုးကားပြီးတော့ ပြောချင်ပါတယ်။ သူက မျှော်လင့်ချက်ရှိလို့ ကျွန်တော်တို့ ဒီလို လုပ်တာပေါ့။ ကျွန်တော်တို့မှာ ဘာမှာ မျှော်လင့်ထားတာ မရှိဘူးဆိုရင် ဒီလို ဘယ်ပြောပါ့မလဲလို့ ဆိုပါတယ်။ ကျွန်တော် ဒီစကားကိုပဲ ပဲ့တင်ထပ် ထပ်ဆင့်စကား ပြောချင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG