သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ကလေးစစ်သားဆွေးနွေးပွဲ မြန်မာပါဝင်


ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ စစ်မက် ပဋိပက္ခနဲ့ ကလေးစစ်သားများ အသုံးပြုမှုဆိုင်ရာ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က ကလေးစစ်သားတွေ အသုံးပြုနေတဲ့ နိုင်ငံတွေကို ထိထိ ရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ ကလေး စစ်သားတွေ အသုံးပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ လည်း ပါဝင်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေအတွင်း ကလေးစစ်သားတွေ အသုံးပြုမှုဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက လက်ရှိမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း ၅၆ ခုမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတာမို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ကနေ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

“တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေက လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားတွေအားလုံးကို နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေအရ အကာအကွယ်ပေးဖို့ ကျွန်တော် ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ ကလေးစစ်သား စုဆောင်း နေသူတွေ ကိုယ်လုပ်ရပ်ကို တာဝန်ယူလာစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လုပ်ဆောင်ဖို့ နဲ့ ကလေးသူငယ်တွေကို လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း အသုံးပြုတဲ့ ဆိုးရွားတဲ့ ဒီရာဇဝတ်မှု ကျူးလွန်သူတွေကို တရား ဥပဒေအရ အရေးယူမယ်ဆိုတာကိုလည်း နိုင်ငံတကာ သိလာအောင် ပြောရမှာပါ။

တချို့လက်နက် အဖွဲ့အစည်းတွေဟာ ကလေးစစ်သား အသုံးပြုနေတဲ့ စာရင်းထဲ ၄နှစ်ကျော် ပါဝင်နေပေမဲ့ ထိထိ ရောက်ရောက် အရေးယူတာ မခံရတဲ့အတွက် အခုထိ နိုင်ငံတကာတောင်းဆိုမှုကို လျစ်လျူရှုထားတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှု တွေကို တိုးမြှင့်ပြီး ချမှတ်ဖို့ လိုပါတယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့က အမှုဆောင် ဒါရိုက်တာ အန်း ဗန်နမန် ကလည်း ကလေးသူငယ်တွေရဲ့ ရပိုင်ခွင့်တွေကို လေးစားဖို့နဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေတွေကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုအပ်ပါတယ်လို့လည်း ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးသန်းဆွေကတော့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ အသက် ၁၈နှစ် အောက် ကလေးတွေကို စစ်တပ်ထဲကို သွပ်သွင်းခြင်း မပြုလုပ်ရအောင် တပ်မတော် ကာကွယ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့တဲ့အကြောင်း စစ်သား စုဆောင်းရာမှာလည်း သေသေချာချာ စစ်ဆေးခဲ့ကြောင်း အသက်မပြည့်သူ ကလေးသူငယ် ၂၉၆ ဦးကို တွေ့ရှိခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် အကြား စစ်တပ်က သက်ဆိုင်ရာ အုပ်ထိန်းသူတွေ ပြန်ပြီး အပ်နှံခဲ့တဲ့ အပြင် အခုလို ကလေး စစ်သားတွေ စုဆောင်ခဲ့တဲ့ စစ်ဖက် တာဝန်ရှိသူ ၂၃ ဦးကိုလည်း အရေးယူ ဆောင်ရွက်ခဲ့တယ်လို့လည်း ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၀၉ ခုနှစ် အစီရင် ခံစာထဲမှာ တပ်မတော် ကြည်းဟာ စာရင်းထဲမှာ ပါဝင်နေတာမို့ နောက်နှစ် အစီရင်ခံစာထဲမှာ မပါစေရဖို့လည်း သတိပြုခဲ့ပါတယ်။

“တပ်မတော် ကြည်းဟာ စာရင်းထဲမှာ ပါနေတဲ့အတွက် အထူးပဲ ဝမ်းနည်းပါတယ်။ နောက်နှစ်အစီရင်ခံစာထဲမှာ မြန်မာ့ တပ်မတော် မပါဝင်စေဖို့ ကတိပြုပါတယ်”

ဒါ့အပြင် ယူနီဆက် နဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာမို့ ကလေးစစ်သား အသုံးပြုမှုဆိုတဲ့ နာမည်ပျက် စာရင်းကနေ ထုတ်ပယ်ပေးဖို့လည်း မြန်မာသံအမတ်ကြီး ဦးသန်းဆွေက တိုက်တွန်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG