ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ၀က်တုပ်ကွေးဗိုင်းရပ်စ်ရောဂါ ကမ္ဘာတလွှား ကူးစက်ပျံ့နှံ့မှု စိုးရိမ်ရတဲ့ အခြေအနေ အဆင့်တိုးမြှင့် သတ်မှတ်လိုက်တဲ့နောက် နိုင်ငံအသီးသီးက အာဏာပိုင်တွေဟာ ဒီအပေါ် တုံ့ပြန်အရေးယူမှုတွေ လုပ်လာ ကြတဲ့အချိန်မှာတော့ မြန်မာနိုင်ငံမှာရော အာဏာပိုင်တွေဘက်က ဘာတွေများ ပြင်ဆင်မှုရှိသလဲ၊ အများပြည်သူကြားထဲ မှာရော ဒီရောဂါကပ်ဘေးဆိုးကြီး အချိန်မရွေး ကျလာနိုင်တယ်ဆိုတဲ့အသိ ဘယ်လောက်အထိ ရှိကြသလဲ၊ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာပိုင်တွေဘက်က ဒီရောဂါပျံ့နှံ့မှုနဲ့ ပတ်သက်လို့ တစုံတရာ နိုးနိုးကြားကြား ရှိနေတယ်လို့ ပြောရ မှာပါ။ ကျန်းမာရေးတာဝန်ရှိသူတွေ ဒီအတွက် အရေးပေါ် ဆွေးနွေးညှိနှိုင်းတာတွေ ရှိနေသလို တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသ ရေးဘက်ကလည်း အာဏာပိုင်တွေက တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးတာမျိုးတွေ၊ ပညာပေးတာ မျိုးတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကဆိုရင်လည်း အခု H1N1 ၀က်တုပ်ကွေးဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ တနိုင်ငံလုံးက ဆရာဝန်တွေကို အသိပေးတာ၊ ပညာပေးတာမျိုးတွေ ကနဦးအဆင့် စတင်ဆောင်ရွက် ဖို့ ပြင်နေတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ပြောခွင့်ရသူ ဒေါက်တာမြင့်ဇော်က ပြောပါတယ်။
“Government Center ကတော့ ပြည်သူလူထုအားလုံး Alert ဖြစ်အောင်တော့ လုပ်ထားတယ်။ ကြေညာချက်တွေ အကုန် ထုတ်ထားတာပေါ့၊ ကျန်းမာရေးဦးစီးဌာနအနေနဲ့။ ကျနော်တို့ ဆရာဝန်အသင်းအနေနဲ့လည်း ဆရာဝန်တွေ အားလုံးအပေါ် ကို Micro Biology ကအစ ဆရာဝန် Physician တွေနဲ့ပေါင်းပြီးတော့ ဒီမှာ ဟောပြောပွဲလေးတခုလုပ်ဖို့ စီစဉ်နေပါတယ်။ Prevention ဘာလုပ်မလဲ၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာလေးတွေကို ဆရာဝန်တွေကို ပထမဆုံး အသိပေးမယ့်ဟာလေး တွေကို Seminarတခုလုပ်ဖို့ ဆရာဝန်အသင်းအနေနဲ့ စီစဉ်နေပါတယ်။
“အခုမှ ဒါက စတော့ စီမံချက်ပုံစံနဲ့ လုပ်မယ်ဆိုရင် အောက်ခြေအဆင့်အထိရောက်အောင် အသိပညာပေးဖို့ကတော့ အချိန် တိုတိုနဲ့ မရောက်နိုင်ပါဘူး။ အဲဒါကြောင့် မီဒီယာကနေ ပေးဖို့အတွက်ဆိုပြီး ကျနော်တို့က MRTV-4 တို့၊ MRTV တို့၊ ရေဒီယို တို့ကနေ လူတွေလိုက်နာရမယ့်ဟာလေးတွေ၊ အနေအထိုင်၊ အပြုအမူ၊ အစီအစဉ်လေးတွေကို လုပ်ပေးနေပါတယ်။”
အာဏာပိုင်တွေဘက်က အခုလို ပြင်ဆင်မှုတွေ ရှိလာပေမယ့်လည်း သာမန်ပြည်သူလူထုအကြားမှာတော့ ယေဘုယျ အားဖြင့် ဒီရောဂါနဲ့ပတ်သက်လို့ အသိနည်းသေးတယ်လို့ ပြောရမှာပါ။
“အလွန်စိတ်မ၀င်စားလှသေးဘူးဗျ။ ဒါပေမဲ့ အထိုက်အလျောက်တော့ သိစပြုလာပြီပေါ့၊ ၀က်တုပ်ကွေးဆိုတဲ့ရောဂါ ရှိနေပြီ ဆိုတာလောက်တော့ သိတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ သတိထားဖို့တို့၊ ဆင်ခြင်ဖို့တို့ အဲဒါမျိုးတော့ ဘာမှ သိပ် မတွေ့ရသေး ဘူးဗျ။ နိုင်ငံခြားရေဒီယိုတွေ နားထောင်တဲ့လူလောက်ပဲ သိပြီး စိတ်ဝင်စားမယ်ထင်တယ်။ ပြည်တွင်းကလူတွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သတင်းစာလည်း သိပ်မဖတ်ဖြစ်ဘူးဗျ။ ဖတ်ဖြစ်တဲ့လူ နည်းတယ်ပေါ့နော်။ နောက်တခုက တီဗွီ ဆိုရင်လည်း ဇာတ်လမ်းတွဲလောက်ပဲ ကြည့်တာကိုး။”
ဝက်တုပ်ကွေးရောဂါ လူတွေကြား အသိနည်းပေမယ့်လည်း၊ ၀က်သားကို အသေအချာ ချက်ပြုတ်စားရင် ဗိုင်းရပ်စ် မကူးနိုင် ပါဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောနေပေမဲ့လို့လည်း ရန်ကုန်မှာတော့ ၀က်သားဈေးဟာ တပိဿာ ကျပ် ၆,၀၀၀ ကနေ၃,၀၀၀ ကျော်အထိ ကျဆင်းသွားပါတယ်။ ဈေးမှာ ၀က်သားအ၀ယ် နည်းလာတာကြောင့်ပါ။
“စားသောက်ဆိုင်တွေမှာ ဟိုတနေ့က ၀က်သားမရောင်းဘူးဆိုလို့ အမတို့တောင် အံ့သြသွားတာပေါ့။ နောက်တော့မှ ကျန်းမာရေးနားလည်တဲ့ဆိုင်တွေက ၀က်သားမရောင်းတာတွေတော့ ရှိတယ်။ ဈေးထဲမှာတော့ ရောင်းနေတာပါပဲ။ ၀ယ်တဲ့လူလည်း ၀ယ်နေတာပါပဲ။ ကြက်တုပ်ကွေးတုန်းကလည်း ဒီလိုပဲ၊ ဗမာတွေ ခံနိုင်ရည်ရှိတယ်ဆိုပြီး စားကြတာပါပဲ။”
ဒါကြောင့် ၀က်တုပ်ကွေးကို လူတွေအကြား စိုးရိမ်တဲ့သူတွေ ရှိတော့ရှိတယ်၊ ဒါပေမဲ့ ထိတ်ထိတ်လန့်လန့် အခြေအနေမျိုး တော့ မဟုတ်ဘူးလို့ ပြောရမှာပါ။ မြန်မာနိုင်ငံဆရာဝန်များအသင်းက ဒေါက်တာမြင့်ဇော်ကလည်း အခုဗိုင်းရပ်စ်ပိုးဟာ အနောက်နိုင်ငံတွေမှာ ဖြစ်နေတာမို့ အနောက်နိုင်ငံ ခရီးသွားလာမှုနည်းတဲ့ မြန်မာနိုင်ငံအတွက် ဖြစ်လာနိုင်ခြေ နည်းပြီး မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကြားမှာ ပြန့်ပွားလာမှုအပေါ် ပိုတည်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ အနောက်အုပ်စု၊ ဒါမှမဟုတ် မြောက်အမေရိကတိုက်ဘက်က ဧည့်သည် အ၀င်အထွက် နည်းပါတယ်။ တိုးရစ်တွေများတဲ့ နိုင်ငံတွေက ပိုဂရုစိုက်ရမှာပေါ့။ တိုးရစ်များတဲ့နိုင်ငံတွေကတော့ သူတို့ ၀င်လာတဲ့ နိုင်ငံအပေါ်၊ ဒေသအပေါ် မူတည်ပြီးတော့ သူတို့ လေယာဉ်ကွင်းကနေစပြီးတော့ Quarantine လုပ်မလား၊ ဘာလုပ်မလဲပေါ့။ သွေးတွေဘာတွေ စစ်ပြီးမှ သူတို့နိုင်ငံထဲ ၀င်ပို့မလားဆိုတာအပေါ် မူတည်ပါတယ်။ ကျနော်တို့နိုင်ငံက
တော့ နိုင်ငံခြားဧည့်သည်က ဒီ့ပြင်နိုင်ငံတွေလောက် မများသေးတော့ ဒီ့ပြင်နိုင်ငံတွေအပေါ် မူတည်နေတာပေါ့၊ ဒီ အာရှတိုက်က။ ယိုးဒယားတို့ ဘာတို့ကတော့ ပိုမူတည်ပါတယ်။”
မြန်မာနိုင်ငံပတ်ဝန်းကျင် အာရှမှာတော့ နယူးဇီလန်နိုင်ငံကလွဲရင် ဒီဗိုင်းရပ်စ်တွေ့ပြီဆိုတာ အတည်ပြုကြေညာတာ မရှိ သေးပါဘူး။ ဒါပေမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကျန်းမာရေးဝန်ကြီးတွေကတော့ လာမယ့် အပတ် ထဲမှာ အခု H1N1 ၀က်တုပ်ကွေးဗိုင်းရပ်စ်အတွက် အစည်းအဝေးထိုင်ကြဖို့ ပြင်နေပါတယ်။