သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ဒုက္ခသည်တွေ ပြည်ပအထောက်အပံ့ပေါ် မှီခိုရဆဲ


မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ဆိုင်ကလုန်း နာဂစ်တိုက်ခတ်ခဲ့တာ အခုဆိုရင် တနှစ်ပြည့် လာခဲ့ပါပြီ။ နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့ သီတင်းပတ်အနည်းငယ်အထိ ငြင်းဆန်နေခဲ့တဲ့ စစ်အစိုးရက နောက်ဆုံးမှာ အကူအညီတွေကို လက်ခံခဲ့ပါတယ်။ မုန်တိုင်းဒုက္ခသည်တွေဟာ အသက်ရှင် နေထိုင်ရေးအတွက် အခုချိန်ထိ နိုင်ငံတကာက အကူအညီတွေအပေါ်မှာ မှီခိုနေရတုန်းဖြစ်ပြီး နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလို့ မျှော်လင့်ချက်တွေကလည်း အခုချိန်ထိ အကောင်အထည် ပေါ်မလာသေးတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မနှစ်က မေလ ၂ ရက်နေ့က မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ဒဏ် ခံခဲ့ကြရသူတွေဟာ ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေကို အခုချိန်ထိ ကြိုးစား လုပ်ကိုင်နေကြရတုန်းဖြစ်ပါတယ်။

တနာရီကို ၁၂၅ မိုင်နှုန်းလောက်နဲ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းက မြစ်ဝကျွန်းပေါ်ဒေသတလျှောက်က လူနေထူထပ်တဲ့ ကျေးရွာ တွေကို ရေမျက်နှာအမြင့် ၁၂ ပေလောက်အထိ လွှမ်းမိုးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းနာဂစ်ကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းလောက် သေဆုံးခဲ့တယ်လို့ အကြမ်းဖျင်း တွက်ချက်ထားပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ကျန်ခဲ့တဲ့ မုန်တိုင်းဒုက္ခသည်တွေဟာ သန့်ရှင်း သောက်သုံးရေနဲ့ အစားအသောက်အတွက် အကူအညီတွေ လိုအပ်နေတုန်းပါ။

သူတို့ရွာက အိမ်တွေအားလုံး ပျက်စီး၊ ကျွဲနွားတိရစ္ဆာန်တွေ အားလုံးလည်း သေဆုံးခဲ့သလို ရွာနေလူဦးရေ ထက်ဝက် လောက်လည်း သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မုန်တိုင်းဒုက္ခသည်တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အိမ်က အကုန်ပျက်စီးတယ်။ ဘာမှမကျန်ဘူး။ ကြက်တို့ နွားတို့ ဝက်တို့ တကောင်မှ မကျန်ဘူး။ လူဆိုရင် တဝက်လောက် သေတယ်။”

မုန်တိုင်းဒဏ်ကြောင့် သူ့မိသားစုဝင် တော်တော်များများ အသက်ဆုံးရှုံးခဲ့ရသလို သူ့ရွာဟာ အခုချိန်ထိ နိုင်ငံခြားကပေးတဲ့ အကူအညီတွေပေါ်မှာ မှီခိုအားထားနေရပြီး စစ်အစိုးရထံက ဘာအကူအညီ အထောက်အပံ့မှ မရသလောက်ပဲလို့ အဲဒီ အမည်မဖော်လိုတဲ့ ရွာသားက အခုလို ဆက်ပြောပြပါတယ်။

“ကမ္ဘာကို ပြောပေးပါ။ အစိုးရကတော့ နအဖ ကတော့ ဘာမှမကူညီဘူး။ အဖြစ်မှန်ကို ကမ္ဘာသိသွားပြီ။ နောက် အကူအညီလိုတဲ့သူတွေကို တတ်နိုင်တဲ့သူတွေ မစပါ။ ဒါပဲပြောချင်တယ်။”

သောက်ရေသန့်ရဖို့အတွက် ၃ နာရီလောက် လှေနဲ့သွားရတဲ့ခရီးအတွက် နိုင်ငံခြား ကူညီထောက်ပံ့ရေးအဖွဲ့တွေက သူတို့ရွာ ကို လှေတစ်စင်း လှူခဲ့သလို သူတို့ရွာအတွက်လည်း ယာယီတဲလေးတွေ ဆောက်ပေးခဲ့တယ်လို့ အဲဒီ ရွာသားက ပြောပါ တယ်။

မြစ်ဝကျွန်းပေါ် ဒေသတလျှောက်က မုန်တိုင်းဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး အထောက်အပံ့တွေ ရရှိဖို့အတွက် မြန်မာနဲ့ နိုင်ငံခြားက ကယ်ဆယ်ရေး အကူအညီအဖွဲ့တွေ ဆက်လက် ကူညီ ထောက်ပံ့နေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူရောက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လုံး၀ ပျက်စီးခဲ့တဲ့ဒေသတချို့မှာ လမ်းနဲ့ အိမ်တချို့ ပြန်လည် တည်ဆောက်ပြီးနေတာကို တွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေးလုပ်သားတဦးက အခုလို ပြောပြပါတယ်။

“လုပ်ပေးမယ့်သူတွေကတော့ ရေတွင်းရေကန်တွေ လှူမယ်။ အခုတော့ မိုးကျလို့ မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ လာမယ့်နွေ ကျရင် ရေတွင်းရေကန်လှူမယ်။ နောက် တချို့ကလည်း ဘယ်လိုခေါ်မလဲ၊ လယ်ယာထွန်ဖို့ စက်ကိရိယာတွေလည်း လိုအပ် နေသေးတယ်။ လောလောဆယ်တော့ မလုံလောက်ဘူးပေါ့နော်။ သဘောက တရွာမှာ စက် ဆယ်လုံးလိုတာကို တစ်လုံး လောက် နှစ်လုံးလောက်ပဲ ပံ့ပိုးနိုင်သေးတယ်ပေါ့နော်။ ပံ့ပိုးတဲ့အခါမှာ သူတို့ နားလည်သဘောပေါက်အောင်၊ အခုဟာက အကောင်းဆုံး ကျန်တဲ့လယ်ကို ဦးစားပေးပြီးတော့ ဘုံစနစ်နဲ့ ထွန်ပြီးတော့ မျှဝေစားကြတယ်။ တရွာလုံးအတွက်ပေးတာ တဦးတယောက်တည်းအတွက် ပေးတာမဟုတ်ဘူး။ အဲဒီလိုပုံစံမျိုးပေါ့နော်။ အဲဒီလို လိုအပ်တဲ့နေရာမျိုး စိုက်ပျိုးရေးရှိတဲ့ နေရာမျိုးတော့ စက်ထုတ်ပေးတာပေါ့နော်။ ခုနက တံငါရှိတဲ့နေရာမျိုးတော့ လှေတို့၊ ပိုက်တို့ ထုတ်ပေးတာပေါ့နော်။ သူတို့ ရဲ့ မှီခိုပြီးတော့ လုပ်ကိုင်ပြီး ကျွမ်းကျင်တဲ့ဟာပေါ့နော်။ အဲဒါမျိုးလေးတွေ လိုအပ်သလို သူတို့ကို ပံ့ပိုးပေးတယ်။”

နိုင်ငံတကာက အလှုရှင်တွေက မုန်တိုင်းဒေသ အရေးပေါ်ကူညီရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀၀ လောက် လှူဒါန်းခဲ့ပြီးပေမဲ့ နောက်ထပ် ၃ နှစ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေ လုပ်ဆောင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် လိုအပ်သေးတယ်လို့ ဆိုပါတယ်။

မာ့(က်) ကန်းနင်း (Mark Canning) ဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးပါ။ သူက မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေက တိုင်းပြည်အတွင်းက လူတွေအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အလမ်းဖြစ်ခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် မနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက အားရစရာမရှိဘူးလို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့တနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား အရေအတွက် ၁,၀၀၀ ကျော် တိုးသွားပြီး အခုဆိုရင် ၂,၁၀၀ ပတ်ဝန်းကျင် အထိ ရှိနေပါပြီ။ ဒီအချက်က မြန်မာနိုင်ငံဟာ လွတ်လပ်စွာစုဝေးဖွဲ့စည်းခွင့် မရှိတဲ့ ကိုယ့်ရဲ့ထင်မြင်ချက်ကို လွတ်လပ်စွာ ပြောဆိုခွင့်မရှိတဲ့ နေရာတခုအဖြစ် ဆက်ရှိနေသေးတယ် ဆိုတာကို ပြနေတာပါ။ ပြောချင်တာက မြန်မာနိုင်ငံဟာ အလွန်အမင်းကို ဖိနှိပ်အုပ်ချုပ်ခံနေရတဲ့ တိုင်းပြည်တခုပါပဲ။”

မုန်တိုင်းဒုက္ခသည်တွေအတွက်တော့ နေ့စဉ်ဘဝရပ်တည်နိုင်ရေးကို ဆက်လက် လုံးပန်းနေကြရတုန်း ဖြစ်ပါတယ်။ စစ်အစိုးရထံက လိုအပ်တဲ့အကူအညီတွေ မရတဲ့အပေါ် လူထုက မကျေမနပ်ဖြစ်နေပေမယ့် သူတို့အတွက် လတ်တလော စိုးရိမ်ရမယ့် ပြဿနာက မိုးပဲ ဖြစ်ပါတယ်။

မုန်တိုင်းဒုက္ခသည် အများအပြား ယာယီတဲတွေမှာ နေကြရတုန်းဖြစ်တာကြောင့် အခုမှစလာတဲ့ မိုးရာသီက သူတို့အတွက် တော့ လတ်တလော အကြီးမားဆုံး အန္တရာယ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG