မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ပြီးတဲ့နောက် လေဘေးဒုက္ခသည်များကို သူတို့ဘာသာ သွားရောက် ကူညီကြလို့ အဖမ်းခံနေရတဲ့ အရပ်သားများကို ပြန်လွှတ်ပေးပါလို့ လူ့အခွင့်အရေး အဖွဲ့အစည်းများက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
လူပေါင်း ၁,၃၈၀,၀၀၀ သေကျေပျောက်ဆုံးခဲ့တဲ့ အဲဒီဆိုင်ကလုန်း လေပြင်းမုန်တိုင်းကျခဲ့တာ တစ်နှစ်ပြည့်တဲ့အချိန်အထိ အသက်မသေ ရှင်ကျန်သူများကို သွားရောက်ကူညီခဲ့ကြသူ ၂၁ ယောက် မလွတ်ကြသေးဘူးလို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံတို့က ဆိုပြီး၊ လေဘေးဒုက္ခသည်များကို ကူညီမှုနဲ့ ဖမ်းဆီးတာ မတရားဘူး၊ လွှတ်ပေး ဖို့ မေတ္တာရပ်ခံတာကိုလည်း မတုံ့ပြန်တဲ့အတွက်လည်း စစ်အစိုးရကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။
လွတ်လပ်တဲ့ ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့အစည်းများကို အစိုးရက ကန့်သတ်ချုပ်ချယ်ထားတဲ့အချိန် အဲဒီလို စေတနာ့ ဝန်ထမ်း ပရဟိတအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများကသာ သွားရောက်မကူညီရင် လေဘေးသင့်ဒေသမှာ လူတွေ အခုထက်မက ပိုပြီးသေကုန်ကြမှာလို့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်အစိုးရ ကိုင်တွယ်ပုံဟာ နှေးကွေးပြီး လုံလောက်မှုမရှိဘူးလို့ ဆိုတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှတိုက် ညွှန်ကြားရေးမှူး အယ်လင်း ပီယာဆင် က စွယ်စုံဟာသပညာရှင် ဇာဂနာ ကို လွှတ်ပေးဖို့ အထူး မေတ္တာရပ်ခံလိုက်ပါတယ်။
လန်ဒန်အခြေစိုက် Amnesty International အဖွဲ့ကြီးကလည်း လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီလို့ အဖမ်းခံ နေရသူများကို လွှတ်ပေးဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အာဆီယံအသင်းအနေနဲ့လည်း အဲဒီ အရပ်သားများ လွတ်မြောက်ရေးအတွက် စစ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲမှာ တင်ပြလုပ်ဆောင်ပေးသင့်ကြောင်း Amnesty International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။