သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒေသ သတင်းမှန် စစ်အစိုးရ ဖုံးထားဆဲ


တနှစ်ပြည့်သွားတဲ့ နာဂစ်မုန်တိုင်းဘေးဒဏ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရထုတ် သတင်းစာတွေက အခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တကယ့်လက်ရှိအခြေအနေမှာကတော့ မုန်တိုင်းဒဏ်သင့် ပြည်သူလူထုတွေဟာ နလန်မထူနိုင်ကြဘဲ ရှိနေတုန်းပါ။ ဒါကို မြန်မာအစိုးရသတင်းစာတွေက သတင်းအချက်အလက်တွေ စုံစုံလင်လင် မှန်မှန်ကန်ကန် မဖော်ပြတဲ့တွက် ဒုက္ခရောက်နေရတဲ့ပြည်သူတွေမှာ အများကြီး ထိခိုက်နစ်နာနေကြရတယ်လို့ ကိုယ်တိုင်ကူညီကယ်ဆယ်ရေး လုပ်နေကြတဲ့သူတွေက ပြောပါတယ်။ အပြည့်စုံကို ဒေါ်မေငြိမ်းက တင်ပြထားပါတယ်။

အစိုးရပိုင်သတင်းစာတရပ်က သတင်းအချက်အလက်တွေကို ထိမ်ချန်တဲ့အတွက် တကယ်တမ်းဒုက္ခရောက်ကြရတဲ့ မုန်တိုင်း သင့်ပြည်သူတွေမှာ ဘယ်လိုမျိုး ဆိုးကျိုးတွေ ခံစားရသလဲ ဆိုတာကို မုန်တိုင်းသင့်ဒေသတွေမှာ သွားပြီးတော့ ကိုယ်တိုင် ကိုယ်ကျ အကူအညီတွေပေးခဲ့ဖူးပြီး အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မခိုင်မွန်ဦး က အခုလို ပြောပြပါတယ်။

“မုန်တိုင်းဒုက္ခသည်တွေမှာ အကုန်လုံး အဆင်ပြေနေတယ်ဆိုတာကတော့ မဟုတ်ဘူး။ တချို့ဟာတွေ အဆင်ပြေနေပြီ။ အကုန်လုံးအဆင်ပြေသွားတယ် ဆိုတာကတော့ လုံးဝမဟုတ်ဘူး။ လူတယောက်အတွက်က မိသားစုရော အိမ်ရော လုပ်ငန်း တွေရော မုန်တိုင်းတိုက်လိုက်လို့ ပါသွားတဲ့အခါမှာ တနှစ်အတွင်း အကုန်လုံးပြန်ပြီးတော့ မူလအတိုင်း ပြန်ဖြစ်သွားပြီ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ဒီလိုကိစ္စတွေမှာ အစိုးရကနေပြီးတော့ အဆင်မပြေသေးတာတွေကို သတင်းအမှောင်ချပြီး တော့ အဆင်ပြေနေပါပြီ ဆိုပြီးပြောတော့ မြန်မာပြည်တွင်းက ကူညီချင်တဲ့သူတွေကလည်း၊ ဒီဟာတွေက အကုန်အဆင်ပြေ သွားပြီဆိုပြီး မကူညီလိုက်တော့ ဒုက္ခသည်တွေမှာ အကူအညီရမယ့်ဟာ မရတော့ဘဲနဲ့ ပိုပြီးတော့ ဒုက္ခရောက်လာတာတွေ အများကြီးပေါ့နော်။ သိသိသာသာ လိုအပ်နေတာတွေကို ဖော်ပြမှပဲ ပြည်သူတွေအချင်းချင်း ကူညီနိုင်မယ်၊ ကူညီဖို့လည်း သိလာမယ်။ ဒါမှလည်း ဒုက္ခသည်တွေလည်း လိုအပ်နေတဲ့ အကူအညီတွေကို မြန်မြန်ရပြီးတော့ သူတို့ဘဝအတွက် နဂို အတိုင်း ပြန်ဖြစ်ဖို့အတွက် မြန်မြန်လုပ်နိုင်မယ်လို့ ထင်ပါတယ်။”

မုန်တိုင်းသင့်ဒေသတွေကို အခေါက်ပေါင်းများစွာသွားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ စာရေးဆရာမ ခက်မာ ကတော့ မြန်မာအစိုးရသတင်းစာတွေမှာ သတင်းမှန်တွေ မဖော်ပြတာဟာ အံ့သြစရာ မဟုတ်ပါဘူးလို့ အခုလို ပြောပါတယ်။

“ကျမတို့က နာဂစ်တုန်းက ဒေးဒရဲ ကို အဓိကထားပြီး သွားကြတာ။ သူတို့က အများသောအားဖြင့် လယ်သမားတွေလေ။ စပါး ပြန်မစိုက်နိုင်သေးဘူး။ နောက် စိုက်နိုင်ပြန်တော့လည်း မျိုးတွေက သူတို့သုံးနေကျ စပါးမျိုးတွေ မဟုတ်တဲ့အတွက် မပေါက်ဘူးပေါ့။ အစိုးရက တကယ်ဆိုရင်တော့ လက်လမ်းမမီဘူးလို့ပဲ ပြောရမလားပဲ။ ဒါပေမယ့် လက်လှမ်းမမီဘူးလို့ ပြောရအောင်လည်း ကျမပြောတဲ့ ဒေးဒရဲတို့ မအူပင်တို့ဆိုတာ ရန်ကုန်မြို့နဲ့အနီးဆုံး မြို့ဝကျွန်းပေါ် မြို့နယ်တွေပဲလေ။ အဲဒီတော့ ဘာဖြစ်လို့ ကွာဟနေသလဲ ဆိုတာကို ပြောရမယ်ဆိုရင်တော့ ဒါကတော့ အားလုံးသိပြီးသားပဲ။ ဒါ ထုံးစံပဲဟာ။ ဘယ်တုန်းကမှ အမှန်ကို မသိရဘူးလေ။”

နော်ဝေနိုင်ငံမှာရောက်ရှိနေထိုင်နေတဲ့ အနော်မာ သတင်းဌာနရဲ့ အယ်ဒီတာ မြကြေးမုံကတော့ သတင်းစာတွေမှာ တကယ့် လိုအပ်ချက်တွေကို ဖော်ပြမှ မုန်တိုင်းဒဏ်သင့် ဒုက္ခရောက်နေသူတွေကို ကူညီကယ်ဆယ်နိုင်မှာဖြစ်တယ်လို့ ပြောသွားပါ တယ်။

“မုန်တိုင်းတိုက်သွားတယ်ဆိုတာ သဘာ၀ ဘေးအန္တရာယ်ပါ။ အစိုးရတိုက်ခိုင်းလို့ တိုက်တာလဲ မဟုတ်တော့ သူတို့ အပြစ် လို့လည်း မပြောတဲ့ကိစ္စမှာတော့ သတင်းအမှောင်ချတာ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု တနှစ် ဆိုတာ ဘာမှကြာသေးတာလည်းမဟုတ်တော့ ဘာတွေဖြစ်သွားတယ်၊ အဲဒီနေရာမှာ အခုထိ ဘာပြဿနာတွေ တက်ခဲ့ တယ်၊ လူတွေ စားဝတ်နေရေးတွေ ကျန်းမာရေးတွေ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာကို အမှန်အတိုင်း သတင်းဖွင့် ပေးလိုက်လို့ရှိရင် နိုင်ငံတကာကရော ပြည်တွင်းကရော အကူအညီတွေ အများကြီး ရနိုင်ပါတယ်။ အခု သတင်းတွေကို အမှောင်ချထားတော့ ရစရာရှိတဲ့အကူအညီတွေ အများကြီး လျော့နည်းသွားရတယ်။ ဆုံးရှုံးသွားရတယ်။ ကာယကံရှင်တွေ အများကြီး နစ်နာပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ ရှိနေတဲ့ပြဿနာတွေ အများကြီးပါ။ ကလေးတွေ စောစော စီးစီး ကျောင်းထွက်လိုက်ရတယ်။ ဒီနှစ်ဆိုလည်း ကလေး တော်တော်များများ ကျောင်းပြန်မအပ်နိုင်ဘူး။ ဒီလိုပဲ အိမ်ထောင် ကျတဲ့ကလေးတွေက အိမ်ထောင်စုမှာ ဦးစီးခေါင်းဆောင် ဖြစ်ကုန်တယ်။ သူတို့ကျောင်းထဲမှာ မနေနိုင်ဘူး။ ဒါတွေကို အမှန် အတိုင်း သတင်းဖွင့်ပေးလိုက်ရင် မြန်မာလူမျိုးဟာ အင်မတန် စာနာတတ်တဲ့လူမျိုးပါ။ သိရင် အများကြီး အကူအညီ ပေးကြ မှာပါ။ ဒီကလေးတွေကိုရော၊ သူတို့ရဲ့ နီးစပ်ရာ ဆွေးမျိုးသားချင်းတွေကိုရော။ သတင်းတွေ အကုန်အုပ်ထားပြီး အားလုံး ကောင်းသွားပြီ၊ ပြီးသွားပြီ၊ အဆင်ပြေပါပြီ လုပ်နေတော့ တကယ့်လက်တွေ့ အဲဒီမှာ စားဝတ်နေရေး ဒုက္ခ ရောက်နေတဲ့သူ တွေ မှာ ဒုက္ခကို ဘယ်သူမှလည်း မသိဘူး။ သူတို့ဘာသာ ဖြစ်သလို ရုန်းနေရတယ်။ ဒါတွေ မဖြစ်စေချင်ပါဘူး။”

နိုင်ငံပိုင်သတင်းစာမျက်နှာတွေပေါ်မှာ မုန်တိုင်းသင့်ဒေသရဲ့ အခြေအနေမှန်တွေကို အခု တနှစ်ကြာတဲ့အထိ ပြည်သူတွေ ကို အသိမပေးဘဲထားတဲ့အပေါ်မှာ အသီးသီးတုံ့ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG