ကနေဒါနိုင်ငံမှာ H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ဖြစ်ရပ်တွေ တွေ့ရပြီလို့ ဆိုပါတယ်။ တခြားနိုင်ငံတွေမှာလို လူအချင်းချင်း ၀က်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်တာမဟုတ်ဘဲ မက္ကဆီကိုနိုင်ငံကို အလည်သွားပြီး ပြန်လာတဲ့ လယ်သမား တွေကတဆင့် ကနေဒါနိုင်ငံ အလယ်ပိုင်း အယ်လ်ဘာဒါ ပြည်နယ်က ၀က်တအုပ်မှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးဆက်ခံခဲ့ရတယ် လို့ ဆိုပါတယ်။
လယ်သမားဖြစ်သူတွေကတော့ တုပ်ကွေးဝေဒနာခံစားရတာတွေ သက်သာလာတယ်လို့ ဆိုပါတယ်။ H1N1 ဗိုင်းရပ်စ်ရှိတဲ့ ၀က်တွေကိုလည်း သီးသန့်သတ်မှတ်ထားတဲ့နေရာကို ခွဲထားတယ်လို့ ဆိုပါတယ်။ ဒီရောဂါပိုး ကူးစက်ခံရတဲ့ဝက်တွေကြောင့် လူတွေရဲ့ အစားအသောက်တွေကိုလည်း စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
အိုင်ယာလန်၊ အီတလီ၊ ကိုစတာရီကာ စတဲ့နိုင်ငံတွေမှာ ၀က်တုပ်ကွေးရောဂါ ကူးဆက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် ရောဂါပျံ့နှံ့မှုနှုန်းဟာ အားပျော့လာတယ်လို့ မျှော်လင့်ရတယ်၊ ဒါပေမယ့် အဆိုးဆုံးအချိန်ကို ကျော်လွန်ပြီလို့ ပြောနိုင်ဖို့က တော့ သိပ်စောလွန်းသေးတယ်လို့ မက္ကဆီကို နဲ့ အမေရိကန် ထိပ်တန်းကျန်းမာရေး အရာရှိတွေက မနေ့က ပြောလိုက်ပါ တယ်။
WHO ကျန်းမာရေးအဖွဲ့က ထိပ်တန်းအရာရှိတဦးကတော့ ၀က်တုပ်ကွေးဗိုင်းရပ်စ်ဟာ အခုချိန်ထိ ပျံ့နှံ့ဆဲဖြစ်တာကြောင့် ဒါဟာ ကမ္ဘာတ၀ှမ်းလုံးအထိ ပျံ့နှံ့နိုင်တဲ့ ရောဂါကပ်ဆိုးကြီး ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့အယူအဆကိုတော့ ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။