သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးဗိုင်းရပ် ကမ္ဘာ့နိုင်ငံများအကြား ကူးစက်ပျံ့နှံ့နေဆဲ


H1N1 အမျိုးအစား ဝက်တုပ်ကွေး Virus ပိုး ကူးစက်မှု ပထမဆုံးတွေ့တယ်လို့ ကိုလံဘီယာနိုင်ငံက အတည်ပြု ပြောလိုက်ပါ တယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာဟာ သူ့ရဲ့နေအိမ်မှာ အခြေအနေကောင်းပါတယ်လို့ လူမှုအသိုင်းအဝိုင်း ကာကွယ်စောင့်ရှောက်ရေးဝန်ကြီးက ပြောပါတယ်။ လူနာရဲ့ ဗိုင်းရပ်စ်ပိုးကို ထပ်ပြီး အတည်ပြုနိုင်ဖို့ နမူနာကို အမေရိကန် ကို ပို့ခဲ့ပါတယ်။ စုစုပေါင်း ဗိုင်းရပ်စ်ပိုး နမူနာ ၁၈ခုမှာ တခုတည်းကပဲ H1N1 ဖြစ်တယ်လို့ အတည်ပြုနိုင်ပါတယ်။ ဒီ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ လူနာဟာ ဝက်တုပ်ကွေး ဗိုင်းရပ်စ် စတင်ဖြစ်ပွားတယ်လို့ သံသယရှိနေတဲ့ မက္ကဆီကိုနိုင်ငံက မကြာခင်ကမှ ပြန်လာတာလို့ ကိုလံဘီယာနိုင်ငံ ဝန်ကြီးက ပြောပါတယ်။

စနေနေ့ကလည်း မက္ကဆီကိုမှာ H1N1 အမျိုးအစား ဝက်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၃ ယောက် တိုးလာတဲ့အတွက် သေဆုံးသူပေါင်း ၁၉ ယောက်ရှိသွားပြီး နောက်ထပ်လူပေါင်း ၄၅၄ ယောက်လဲ ဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရတယ်လို့ မက္ကဆီကို တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ မက္ကဆီကို ကျန်းမာရေးဝန်ကြီး Jose Angel Cor do va က Virus ကူးစက်ပျံ့နှံ့မှုနှုန်းဟာ နှေးသွားပုံရသလို စိုးရိမ်စရာဖြစ်တဲ့ အခြေအနေတွေ တနေ့တခြား နည်းလာနေပြီ ဖြစ်သလို သေဆုံးမှုနှုန်းလည်း ကျဆင်းသွားပြီလို့ ပြောပါတယ်။

ဝက်တုပ်ကွေးကြောင့် သေဆုံးသူဟာ မက္ကဆီကို နိုင်ငံအပြင် အမေရိကန် တနိုင်ငံတည်းပဲ ရှိပါသေးတယ်။ စနေနေ့တုန်း ကတော့ Ireland, Italy နဲ့ Costa Rica နိုင်ငံတွေက သူတို့ဆီမှာ ဝက်တုပ်ကွေးဖြစ်ပွားမှု ရှိနေပြီလို့ ပထမဆုံးအကြိမ် ကြေညာခဲ့ကြပါတယ်။

တခါ အီဂျစ်နိုင်ငံ ကိုင်ရို မြို့ပြင်မှာ ဝက်တွေကို အစိုးရက သုတ်သင်မှာကို ဝက်ခြံ ပိုင်ရှင်တွေက တားဆီးကြတဲ့အတွက် အဓိကရုဏ်း နှိမ်နှင်းတဲ့ ရဲတွေနဲ့ မွေးမြူရေး ခြံပိုင်ရှင်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ တိရစ္ဆာန်တွေကို သုတ်သင်မယ့် နေရာယူသွားဖို့ လာခေါ်တဲ့ရဲတွေကို ပိုင်ရှင်တွေက ခဲတွေနဲ့ ပစ်ပေါက်ကြတယ်လို့ မျက်မြင်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူ တွေက ပြောပါတယ်။

အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေကလည်း သေနတ်တွေ မျက်ရည်ယို ဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ကြတော့ လူ ၂ ယောက် ထက်မနည်း ဒဏ်ရာရခဲ့ကြပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်တွေကနေ လူတွေဆီကို ကူးစက်တယ်ဆိုတဲ့ သက်သေ မပြနိုင်သေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပေမဲ့ အီဂျစ်မှာ စနေနေ့က ဝက်ကောင်ရေပေါင်း ၃ သိန်း လောက်ကို သုတ်သင်ခဲ့ပါတယ်။ တကယ်တော့ အီဂျစ်မှာ ဝက်တုပ်ကွေး ဖြစ်ပွားနေသူလည်း အခုချိန်ထိ မရှိသေးပါဘူး။ အီဂျစ်မှာ လူဦးရေ ၁၀ ရာနှုန်းလောက်ရှိတဲ့ ခရစ်ယာန်တွေက ဝက်မွေးမြူ စားသောက်ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG