H1N1 ဝက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ စောစောပိုင်းက လူတွေ ကြောက်ရွံ့ စိုးရိမ်ခဲ့ကြသလောက် ကူးစက်ရောဂါ တခု အဖြစ် ပျံ့နှံနိုင်တဲ့ အနေအထားမှာ ရှိချင်မှ ရှိလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန် ကျန်းမာရေး အရာရှိတွေကတော့ ဒီကိစ္စကို အထူး သတိထားပြီး တုန့်ပြန်ကြပါတယ်။ ဒီ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဆက်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်သွားမယ်လို့ အာမခံ ပြောဆိုနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပါလိမ့်မယ်။
Swine Flu ခေါ် ဝက်တုပ်ကွေး ပျံ့နှံမှုတွေ လျော့ကျသွားအောင် မက္ကဆီကိုနိုင်ငံမှာ လူအများ သွားလာစုဝေးတဲ့ လှုပ်ရှားမှု တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလို ရပ်ဆိုင်းပြီး ရက်ပိုင်းအကြာမှာပဲ ရောဂါ ပျံ့ပွားနှုန်း ထပ် တိုးမလာတော့ဘူးဆိုတဲ့ အစီရင်ခံစာ ထွက်လာတာပါ။ အမေရိကန် ပြည်ထောင်စုမှာတော့ တုပ်ကွေး ရောဂါဖြစ်ပွားနှုန်းဟာ ဆက်ပြီး များလာနေ တုန်းပါပဲ။ ဒါပေမဲ့လည်း တုပ်ကွေး ရောဂါဖြစ်ပွားတဲ့သူ တော်တော်များများ သိပ်ပြီး ပြင်းပြင်းထန်ထန် ရောဂါကို မခံစား ရပါဘူး။ ဝက်တုပ်ကွေးကြောင့် သေဆုံးတဲ့သူလည်း တယောက်ပဲ ရှိတယ်ဆိုပြီး မှတ်တမ်းတင်ထားပါတယ်။
ဒီသတင်းကို အမေရိကန် ကျန်းမာရေးအရာရှိတွေက ကြိုဆိုခဲ့ကြပါတယ်။ သူတို့က အခုဖြစ်ပွားတဲ့ ဝက်တုပ်ကွေး ရောဂါပိုး ဟာ ၁၉၁၈ ခုနှစ်က ကမ္ဘာတဝှမ်း လူတွေ သန်းချီ သေဆုံးခဲ့တဲ့ တုပ်ကွေး ကူးစက်ရောဂါပိုး ဖြစ်ခဲ့သလို ဆိုးဆိုးဝါးဝါး အနေအထားအထိ ရောက်သွားနိုင်တယ်ဆိုပြီး စောစောပိုင်းက သတ်မှတ်ခဲ့ကြတာပါ။
အမေရိကန် ပြည်ထောင်စု ရောဂါတိုက်ဖျက်ရေး ဗဟိုဌာန ယာယီ ညွှန်ကြားရေးမှူး Richard Besser က ABC ရုပ်သံ ဒီ သတင်းပတ်အစီအစဉ်ကို အခုလို ပြောပါတယ်။
ကျနော်တို့တွေ့တာ ၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးရောဂါမျိုး ဒီလို အလားတူ အချက်အလက်တွေကို မတွေ့ရဘူး ဆိုတာပါ။ အခြား H1N1 ဗိုင်းရပ်စ်ပိုးနဲ့ အလားသဏ္ဍန်တူတဲ့ အချက်အလက်တွေလည်း မတွေ့ရပါဘူး။ ဒီလို မတွေ့ရဘူးလို့ ပြောတဲ့ တချိန်တည်းမှာ သတိထားရမယ့် အချက်တွေကတော့ ရှိနေတယ်လို့ သူက ကောက်ချက်ချပါတယ်။
"ဒါပေမဲ့ အခြေအနေက သတိဝီရိယနဲ့ စောင့်ကြည့်နေတာမျိုးတွေကိုတော့ လျှော့ချရမယ့် အနေအထားမျိုး မရောက်သေး ပါဘူး။ မသေချာသေးတဲ့အခြေအနေမှာ ကျနော်တို့ဘက်က အင်တိုက်အားတိုက် ရောဂါထိန် ်းချုပ်ရေးကို ဆက်လုပ်သင့် တယ်လို့ ကျနော် မြင်ပါတယ်။"
အခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးကို ဆက်ပြီး မပျံ့အောင် ထိန်းထားလိုက်နိုင်ပြီ ဆိုရင်တောင် အခုအချိန်ကနေ လပိုင်းအကြာ မြောက်ပိုင်း ဟန်ရိုင်းယား တုပ်ကွေးရာသီမှာ ဒီရောဂါပြန်ပြီး ပေါ်လာနိုင်တယ်လို့ အမေရိကန် ကျန်းမာရေးအရာရှိတွေက စိုးရိမ်နေကြပါတယ်။ အမေရိကန်ပြည်သူ ၃၀၀၀၀ လောက် နှစ်စဉ် ဒီလို အဖြစ်များတဲ့ တုပ်ကွေးကြောင့် တုပ်ကွေးရာသီမှာ နှစ်စဉ် သေဆုံးလေ့ရှိပါတယ်။
သမ္မတ အိုဘားမား အစိုးရအဖွဲ့ကတော့ ဆွိုင်းဖလူး ဝက်တုပ်ကွေး ရောဂါ ကာကွယ်ဆေးတွေ ထုတ်လုပ်ဘို့ အခြေခံအား ဖြင့် စလုပ်နေပြီလို့ ပြောပါတယ်။ ပမာဏအများအပြား ထုတ်လုပ်ဘို့ ဆိုတာကိုတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး။
အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူသား ဝန်ဆောင်မှုဆိုင်ရာဌာန ဝန်ကြီး Kathleen Sebelius ကလည်း ABC ရုပ်သံကို အခုလို ပြောဆိုပါတယ်။
"ရာသီအလိုက်ဖြစ်တတ်တဲ့ ဖလူး တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို ပိုပြီး ထုတ်လုပ်ဖို့ ကျမတို့ လုပ်နိုင်ပါတယ်။ ဒီ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ဖြစ်နိုင်တဲ့ တုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ကျမတို့ ထုတ်လုပ်ဘို့ ပြင်ဆင်နိုင်ပါတယ်။ တချိန်တည်းမှာ ဆွိုင်းဖလူး ဗိုင်းရပ်ပိုးကို စမ်းသပ်တာတွေ တိုးလုပ်ပြီး ကာကွယ်ဆေး ထုတ်လုပ်တာတွေကိုလည်း တချိန်တည်းမှာ လုပ်ဘို့ အဆင့်အသင့်ပါပဲ။"
ဒီလို ကာကွယ်ဆေး ထုတ်လုပ်ဘို့နဲ့ စမ်းသပ်တာတွေ လုပ်နေတဲ့တချိန်တည်းမှာ လူတွေကို လက်တွေ စင်ကြယ်အောင် ဆေးဘို့ နောက် ဖျားနာတယ်ဆိုရင် အိမ်မှာပဲနေဘို့ သမ္မတ အိုဘားမား အစိုးရက တိုက်တွန်းနေပါတယ်။ တချို့ ဝေဖန်တဲ့ သူတွေကတော့ အိုဘားမား အစိုးရဟာ ပြည်သူတွေကို မလိုအပ်ပဲ အထိတ်တလန့် ဖြစ်အောင် ဝက်တုပ်ကွေးနဲ့ ပတ်သက် လို့ တကယ်တမ်းဖြစ်နေတာထက် ပိုပြီး တုံ့ပြန်ပြောတာတွေ လုပ်ခဲ့တယ်လို့ ဝေဖန်ပါတယ်။ အမေရိကန် အစိုးရ ခေါင်းဆောင်တွေက ဒီလို ဝေဖန်တာကို ငြင်းဆိုပါတယ်။
အထူးသဖြင့် အမေရိကန် ပြည်တွင်းလုံခြုံရေး ဆိုင်ရာ ဝန်ကြီး Janet Napolitano က ဒီရောဂါ အခြေအနေဟာ ဘယ် အတိုင်းအတာအထိ ဖြစ်လာမယ်ဆိုတာ မသိသေးခင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်တာတွေ လုပ်ရမယ်လို့ Fox ရုပ်မြင် သံကြားဌာနကို ပြောဆိုပါတယ်။ မက္ကဆီကိုနဲ့ အမေရိကန် နယ်ခြား ပိတ်ဘို့ ဆုံးဖြတ်ခဲ့တာကို ခုခံကာကွယ် ပြောဆို ပါတယ်။ ဆွိုင်း ဖလူးဟာ အမေရိကန်ပြည်ထောင်စုကို ပျံ့နှံ့နေပြီးသားဖြစ်နေတဲ့အတွက် ကျန်းမာရေးအတွက် အဓိပ္ပါယ်မရှိ အကုန် အကျ သိပ်များနိုင်တဲ့ ကိစ္စမျိုးတွေ မဖြစ်အောင် အခုလို ကာကွယ်ရေးအတွက် ဆုံးဖြတ်ရတာဆိုပြီး ပြောဆိုပါတယ်။