နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ သံဃာတော်တွေ သီတင်းသုံးတဲ့ ဘုန်းတော်
ကြီးကျောင်းတွေ ပြန်ပြီးမဆောက်နိုင်တော့တဲ့အတွက် သံဃာတော် တော်တော်
များများ ကျောင်းပြိုကျောင်းပျက်တွေကြားမှာ ဖြစ်သလို သီတင်းသုံးနေရပါတယ်။
ဒေသခံရွာသားတွေလည်း ဘုန်းတော်ကြီးကျောင်း ပြန်ဆောက်နိုင်ဖို့ ကိုယ်ထူကိုယ်ထ
ကြိုးစားနေရတဲ့အကြောင်း ပြည်တွင်းသတင်းထောက်တယောက်ရဲ့ သတင်းပေးပို့ချက်
နဲ့အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတာ တနှစ်ပြည့်သွားပေမယ့် မုန်တိုင်းဘေးသင့်ဒေသက ပြည်သူတွေ
ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ပုံမှန်အခြေအနေ မရောက်နိုင်သေးဘဲ
သောက်ရေသန့်ရှားပါးမှုတွေ၊ အကူအညီ လိုအပ်တာတွေကို နိုင်ငံတကာ အကူအညီ
ပေးရေး အဖွဲ့အစည်းတွေ မကြာခဏ ပြောခဲ့ကြရပါတယ်။
လူတွေ အသက်ရှင်ဖို့ ပိုပြီး ဦးစားပေးကူညီနေရတဲ့အချိန်၊ အသက်မွေးဝမ်းကျောင်း
လုပ်ငန်းတွေ ပြန်ပြီးလုပ်ကိုင်ဖို့ ဦးစားပေးနေရတဲ့အချိန်မှာ သံဃာတော်တွေ သီတင်း
သုံးတဲ့ကျောင်းတွေ ပြန်ဆောက်ဖို့ကိစ္စက ရှေ့တန်းတင်ခံခဲ့ရတဲ့ ကိစ္စတခုတော့ မဟုတ်
ခဲ့ပါဘူး။ ဒီတော့လည်း ပြီးခဲ့တဲ့ တနှစ်တာပတ်လုံး သံဃာတော်တွေဟာ ကျောင်းပြို
ကျောင်းပျက်ကြားမှာ ဖြစ်သလို သီတင်းသုံးနေခဲ့ရတာပါ။
“သွပ်တွေက လန်ထွက်သွားတယ်။ အဲဒီမှာ ထုပ်တွေ၊ ယောက်တွေ မပါဘူး။ အပေါ်က
မြားတန်းတွေ ပါသွားတယ်။ ဟိုဘက်က ထရံကြီးက ကြေသွားတယ်။ အဲဒီအကြေတွေ
ကို လမ်းခင်းထားတယ်။ ကျောင်းလေးရယ်၊ သောက်ရေကန်လေးရယ် လိုချင်တဲ့ဆန္ဒ
ကတော့ ရှိတာပေါ့။”
ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းက သံဃာတော်တပါးက နာဂစ်ကြောင့် ပျက်စီးသွား
ခဲ့တဲ့ အခြေအနေတွေနဲ့ ကျောင်းပြန်ဆောက်ဖို့ အကူအညီ လိုအပ်နေတဲ့ အနေ
အထားကို ပြောပြသွားတာပါ။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်းမှာ စေတီတော်ပေါင်း ၄၀၀ ဝန်းကျင်
ပျက်စီးခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းပေါင်း ၂,၀၀၀ ကျော်ခန့် ပျက်စီးခဲ့တယ်လို့
မှတ်တမ်းတွေ ရှိပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းတွေထဲက တော်တော်များများက
တော့ ပြန်ပြီးပြင်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် မိသားစုဝင်တွေ သေဆုံးပြီး စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတဲ့
ကြားက ဘုန်းတော်ကြီးကျောင်း မရှိမဖြစ် ပြန်လည်ဆောက်ဖို့ ကိုယ်ထူကိုယ်ထ
အားစိုက်ပြီး လုပ်ကိုင်နေတဲ့ ရွာသားတွေလည်း ရှိပါတယ်။ ဖျာပုံခရိုင်ထဲက ဒေသခံ
ရွာသားတယောက်က အခုလိုပြောပါတယ်။
“အလှူရှင်တော့ မတွေ့သေးဘူး။ အခု ကျနော်တို့က ချောင်းရိုးထဲသွားတဲ့ သင်္ဘော အစီး
၂၀ ကျော်ကို အလှူခံပေးတယ်။ တနေ့ကို ၉,၀၀၀၊ ၁၀,၀၀၀ တော့ ရတယ်။ အဲဒါနဲ့စုပြီး
ပြန်ဆောက်မယ်လို့ မှန်းထားတယ်။ ဒီက သစ်ကျန်လေးတွေနဲ့။ ဒီ သီရိမာပဋ္ဌာန်း
ကျောင်းက ဆရာတော်ကြီးကလည်း ကျန်းမာရေး တော်တော်ချို့တဲ့နေတယ်။ အခု
အချိန်ထိ မဆောက်နိုင်သေးဘူး။ ကျနော်တို့လည်း အားတော့ယူနေတာပဲ။ အားယူ
တယ်ဆိုတာလည်း အလှူရှင်ရှိရင်တော့ ကောင်းတာပေါ့။ အခုကတော့ ရွာကလည်း
မပံ့ပိုးနိုင်ဘူး၊ အခုအချိန်ထိ။”
ဘုန်းတော်ကြီးကျောင်း ပြန်ဆောက်ဖို့ အလှူခံနေတဲ့ ရွာသားတယောက် ပြောပြသွား
တာ ဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ လေဘေးသင့် ရွာသူရွာသား တော်တော်
များများ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီခိုလှုံခဲ့ရဘူးပါတယ်။ ဒီဘုန်းကြီးကျောင်း
တွေဟာ ဒေသခံ ရွာသူရွာသားတွေအတွက် ခိုလှုံရာ၊ စုဝေးရာ၊ ရပ်ရွာအရေး၊
သာသာနာ့အရေး မရှိမဖြစ် အားထားရာနေရာတွေ ဖြစ်တဲ့အတွက်လည်း ပြန်လည်
တည်ဆောက်ဖို့ ကြိုးပမ်းနေကြရပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ စစ်အစိုးရခေါင်းဆောင်တွေ နေထိုင်တဲ့
နေပြည်တော်မှာ စေတီတော်ကြီးတည်ဖို့ သန်းထောင်ချီ အကုန်အကျခံခဲ့ပေမယ့်
ဧရာဝတီနဲ့ ရန်ကုန်တိုင်းအတွင်း ကျောင်းပြိုကျောင်းပျက်တွေကြား သီတင်းသုံးနေတဲ့
သံဃာတော်တွေအတွက်တော့ တာဝန်ယူတာ မရှိတဲ့အကြောင်းလည်း ဒေသခံတွေက
ပြောကြပါတယ်။