သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးများ  လုံခြုံရေးကောင်စီ အကာကွယ်ပေးဖို့  လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို


မြန်မာနိုင်ငံက သောင်းနဲ့ချီတဲ့ ကလေးငယ်တွေ ကလေးစစ်သားအဖြစ် စုဆောင်းခံနေရတဲ့ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ အလျင်အမြန် အရေးယူ ဖြေရှင်းပေးဖို့ အမေရိကန် အခြေစိုက် ကလေးစစ်သားနဲ့ လက်နက်ကိုင် တိုက်ခိုက် မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က မြန်မာပြည်တွင်း ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီး “NO MORE DENIAL” “မငြင်းကြနဲ့တော့”လို့ ဆိုထားတဲ့ စာမျက်နှာ ၇၇ မျက်နှာ ပါ အစီရင်ခံစာသစ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှာလည်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာစစ်အစိုးရ တပ်တွေကရော၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကပါ ကလေးစစ်သား စုဆောင်းမှု နဲ့အတူ သွေးဆောင် ဖမ်းဆီး မုဒိန်းကျင့်တာတွေ ရှိနေပြီး ကလေးငယ်တွေဟာ စာသင်ကျောင်းတွေမှာ အတိုက်ခိုက်ခံ ရတာ ပြည်တွင်း အိုအိမ် အဓမ္မ ရွေ့ပြောင်းခံရတာ အပါအဝင် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မှတ်တမ်းမှတ်ရာနဲ့ သက်သေပြနိုင်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရေငုံနှုတ်ပိတ်နေတယ်လို့ စောင့်ကြည့် မှတ်တမ်းတင် ဒါရိုက်တာ ဂျူလီယာ ဖရစ်ဆင် က ပြောပါတယ်။

“ကုလသမဂ္ဂ သတင်းရပ်ကွက်တွေကရော၊ ဒေသခံ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကရော၊ သက်သေ အထောက်အထားတွေ ပြသခဲ့ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်ခြင်း မရှိတာတွေကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။”

မြန်မာနိုင်ငံက ကလေးငယ်ဆိုင်ရာ အခွင့်အရေးတွေဟာ သိပ်ကို ဆိုးရွားနေပြီး၊ ကမ္ဘာပေါ်က စစ်မက် ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရှိတဲ့ ကလေးငယ်တွေရဲ့ အခြေအနေထက် ပိုပြီး ဆိုးပေမဲ့ အားလုံးက လျော့တွက်နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ စောင့်ကြည့်မှတ်တမ်းတင် အဖွဲ့ရဲ့ အစီရင်ခံစာ အချက်အလက်တွေကို ကူညီ စုဆောင်းပေးတဲ့ HUMAN RIGHT WATCH လူ့အခွင့်အရေး အဖွဲ့ကြီးက ကလေးသူငယ် ရပိုင်ခွင့် ဆိုင်ရာ ဒါရိုက်တာ ဂျိုး ဘက်ကာ ကတော့ မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သား သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ပြောပါတယ်။

“စိတ်ချ ယုံကြည်ရတဲ့ စုံစမ်းလေ့လာချက်တွေအရ မြန်မာအစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား အရေအတွက်ဟာ သောင်းနဲ့ချီ ရှိနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်က ကလေးစစ်သားသုံးတဲ့ တပ်တွေ ထဲမှာ အရေအတွက်အများဆုံးပါ။”

မြန်မာအစိုးရ စစ်တပ်ထဲမှာ အသက် ၁၈နှစ်အောက် ကလေးငယ်တွေကို မစုဆောင်းရဘူးဆိုတဲ့ အမိန့် ထုတ်ပြန်ထားပေမဲ့ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတဲ့ အချက်တွေကိုလည်း ချပြခဲ့ပါတယ်။ အဓိက အချက်က မြန်မာစစ်တပ်ထဲက ထွက်ပြေးသူတွေ တနေ့တခြား ပိုများနေပြီး တချိန်တည်းမှာပဲ တပ်ရင်းသစ်တွေ တိုးချဲ့ စုဆောင်းဖို့ အရေအတွက် သတ်မှတ်တဲ့အပြင် သတ်မှတ်အရေအတွက် မပြည့်မှီရင် အပြစ်ဒဏ်ပေးဖို့ပါ အထက်က အမိန့်ချတာမို့ လက်အောက်ငယ်သားတွေမှာ မဖြစ်မနေ တပ်သားသစ်တွေ စုဆောင်းနေကြရပြီး အရွယ်ရောက်လာသူတွေ တပ်ထဲဝင်ဖို့ မဆွဲဆောင်နိုင်တဲ့အခါမှာတော့ ကလေးငယ်တွေဟာ အဓိက ဓားစာခံတွေ ဖြစ်လာကြရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ အသက် ၉နှစ်အောက် ကလေးငယ်တွေကိုပါ ခေါ်ယူ စုဆောင်းနေကြရတာဖြစ်ပြီး ဈေးတွေ၊ ကားမှတ်တိုင်တွေ၊ ဘူတာရုံတွေမှာ ဖမ်းဆီး ခေါ်ဆောင်သွားတာကို ခံနေရတယ်လို့ ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံက ကလေးစစ်သား စုဆောင်းနေတာကို ဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ မြန်မာစစ်အစိုးရကို နောက်ဆုံး ကန့်သတ်ချိန် ချမှတ်ပေးဖို့ လိုအပ်တဲ့အပြင် ခရီးသွားခွင့် သွားလာပိတ်ပင်တာ၊ လက်နက် ရောင်းဝယ်မှု ပိတ်ပင်တာ၊ ငွေကြေးပိုင်ဆိုင်ခွင့်တွေကို ထိန်းချုပ်တာလိုမျိုး အရေးယူ ဒဏ်ခတ်တာတွေလည်း လုပ်ဖို့ လိုအပ်ပါတယ်လို့ မစ္စက် ဘက်ကာ က ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံက ကလေးစစ်သားပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာ အာဏာပိုင်တွေကိုယ်တိုင်က တကယ်တမ်း ဖြေရှင်းချင်တဲ့ ဆန္ဒရှိဖို့ လိုအပ်ပါတယ်လို့ စောင့်ကြည့်မှတ်တမ်းတင် အဖွဲ့က မစ္စက် ဖရစ်ဆင် က ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေဟာ ကလေးစုဆောင်းတဲ့ ပြဿနာကို တကယ်တမ်း ဖြေရှင်းချင်တဲ့ ဆန္ဒရှိရင် အခုထက် ပိုပြီး ခိုင်မာတဲ့ သတ်မှတ်ချက်တွေကို ချပြီး လုပ်ပြဖို့ လိုပါတယ်။ ပထမဆုံး ကလေးစစ်သား မစုဆောင်းဘူးဆိုတဲ့ မူဝါဒကို ပြတ်ပြတ်သားသား ချရမှာပါ။ နောက်စစ်တပ်ထဲမှာ ကလေးတွေ လုံး၀ မရှိဖို့နဲ့ တပ်ထဲက ထုတ်လာတဲ့ ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် လူ့အဖွဲ့အစည်းထဲမှာ ပြန်ဝင်ဆန့်စေမယ့် စနစ်တွေ ချရမှာပါ။”

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလည်း ကလေးငယ်တွေ အပါအဝင် ထွက်ပြေး ပုန်းရှောင်နေရသူတွေအခုထိ ရှိနေပြီး ဒီအထဲမှာ ကလေးငယ်တွေ အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်နေပါတယ်လို့ KHRJ ကရင် လူ့အခွင့်အရေးအဖွဲ့ စီမံကိန်း ဒါရိုက်တာ ဒေါ် အက်စတာလေး က ပြောပါတယ်။

“ထွက်ပြေး ပုန်းရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ အခြေအနေက တော်တော်လေး ဆိုးပါတယ်။ ဒီလို ပုန်းရှောင်နေတဲ့ ရွာသား အားလုံး ကလေးငယ်တွေက အစ နအဖက ရန်သူလို့ သတ်မှတ်ပါတယ်။ နို့စို့ ကလေးငယ်ကအစ တွေ့တာနဲ့ သတ်ဖြတ်တဲ့ ပေါ်လစီကိုလည်း သုံးတယ်။ ပညာရေးနဲ့ ကျန်းမာရေးအခြေအနေကို ကြည့်မယ်ဆိုရင် အမြဲတမ်း ထွက်ပြေး ပုန်းရှောင်နေရတော့ ကလေးတွေ စာသင်ယူခွင့်မရရှိပါဘူး။ အစာအဟာရ ချို့တဲ့မှုမှာ ကလေးငယ် ၅ယောက်ရှိမယ်ဆိုရင် ၁ယောက်ဟာ ၅နှစ် မပြည့်ခင်မှာ အသက် ဆုံးရှုံးရပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG