သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဦး ဒေါ်အောင်ဆန်းစုကြည်အိမ် ရေကူးဝင်ရောက်ခဲ့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း
ကို တိတ်တဆိတ် ရေကူးပြီး ဝင်ရောက်သွားခဲ့
တဲ့ နိုင်ငံခြားသားတဦးကို အာဏာပိုင်တွေက
ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မြန်မာ
စစ်အစိုးရက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့
အင်းလျားကန်နံဘေးက နေအိမ်ကို ရေကူး
ဝင်ရောက်ခဲ့သူဟာ အမေရိကန် နိုင်ငံကူး
လက်မှတ် ကိုင်ဆောင်ထားတယ် ဆိုပြီးတော့
လည်း အစိုးရပိုင် သတင်းစာတွေက ဖော်ပြခဲ့
ပါတယ်။ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား
ဒီမိုကရေစီဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကတော့ သူမ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မိတယ်
လို့လည်း ပြောလိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယတ်တော (Mr John Willian Yeattaw)
ဆိုသူကို ရန်ကုန်မြို့ အင်းလျားကန်မှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ရေကူးနေတာကိုတွေ့လို့
လုံခြုံရေး အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နေအိမ်ခြံဝင်းထဲကို အင်လျားကန်ထဲကနေ ရေကူးပြီး ဝင်ရောက်ခဲ့တယ်ဆိုတာကို
သိလာရတယ်ဆိုပြီး အစိုးရပိုင် သတင်းစာတွေက ဖော်ပြကြတာပါ။ အခုဖမ်းဆီးခံခဲ့ရ
သူဟာဆိုရင် မေလ ၂ ရက်နေ့ကပဲ မြန်မာနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာနဲ့
ဝင်လာပြီးတော့ နောက်တနေ့ ညပိုင်းမှာပဲ အင်းလျားကန်ကနေ ရေကူးပြီး နေအိမ်
အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကို သွားခဲ့တယ်၊ ၂ ရက်
အကြာ အဲဒီမှာ နေပြီးတော့မှ ရေကူးပြီး ပြန်အလာမှာ ဖမ်းဆီးမိခဲ့တာလို့လည်း
သတင်းက ဆိုပါတယ်။

လုံခြုံရေး အစောင့်အရှောက်တွေ စောင့်ကြပ်နေပြီး အာဏာပိုင်တွေက ခွင့်ပြုချက်
မပေးရင် သွားရောက်ခွင့်မရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ နေအိမ်ကို အခုလို
ဝင်ရောက်တဲ့အထိ ဖြစ်ခဲ့တာမို့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)
ကတော့ ဒီအဖြစ်အပျက်အပေါ် စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။

“ဒီဥစ္စာ လုံခြုံရေးတာဝန်ယူထားပေမယ့် မလုံခြုံဘူးဆိုတဲ့ အခြေအနေမျိုး
အခုဖြစ်ပေါ်နေတယ်။ ဒါကြောင့် ကျနော်တို့ကတော့ အများကြီးစိုးရိမ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်အတွက်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ လုံခြုံရေးအရ တားမြစ်ကန့်သတ်ထားတဲ့
နေရာကို ဒီလို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့တာမို့ အခုလို တိတ်တဆိတ် ဝင်ရောက်
ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဆက်ပြီး စစ်ဆေးနေဆဲ
ပဲလို့လည်း ဆိုပါတယ်။ သူ့ကို ဖမ်းဆီးမိစဉ်မှာတော့ နိုင်ငံကူးလက်မှတ်အပြင်၊
ကျောပိုးအိတ်နဲ့ ဓာတ်မီးတလက်၊ ပလာယာတချောင်း၊ ကင်မရာတလုံး၊ အမေရိကန်
ဒေါ်လာငွေ ၂၀၀၊ မြန်မာငွေ ၉၃,၀၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း အစိုးရပိုင်
သတင်းတွေက ဖော်ပြပါတယ်။

အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဆက်သွယ်
စုံစမ်းကြည့်ရာမှာတော့ အစိုးရသတင်းစာရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီး
တိတိကျကျ သိနိုင်ဖို့အတွက် ဖမ်းဆီးခံရသူနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတုန်းပဲလို့
ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို ဝင်ရောက်တဲ့
အဖြစ်အပျက် ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာတဲ့နောက် နေအိမ်ခြံဝင်းအနီး
လုံခြုံရေးအစီအမံတွေ တိုးမြှင့်လိုက်တဲ့အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို သူမရဲ့
သမားတော် ဒေါက်တာတင်မျိုးဝင်း သွားရောက်ပြီး ကျန်းမာရေး စစ်ဆေးရမယ့်နေ့
လည်း ဖြစ်နေတာပါ။

“အိမ်ရှေ့လမ်း ပိတ်ထားတယ်လို့ ကြားတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း
ကို လုံခြုံရေးဆိုင်ရာ လူ ၂၀ လောက်တောင် ဝင်သွားတယ်။ စုံစမ်းစစ်ဆေးဖို့လို့
ကျနော်တို့ ယူဆတာပဲလေ။ နောက်တခုက ဆရာတင်မျိုးဝင်းကလည်း ထုံးစံဆိုရင်
တော့ ဒီနေ့တွေ့တဲ့နေ့ပဲ။ အဲဒီကို သွားတယ်လို့တော့ သတင်းရပါတယ်။ အဲဒါနဲ့
ပတ်သက်ပြီး တိတိကျကျတော့ ကျနော်တို့ မသိသေးပါဘူး။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့က စည်းရုံးရေး
ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေက ဝိုင်းဝန်း
တိုက်ခိုက်တာကို ခံခဲ့ရပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်
ချုပ်နဲ့ ရန်ကုန်မြို့နေအိမ်မှာ ထိန်းသိမ်းခံနေခဲ့ရတာပါ။ မိသားစုမိတ်ဆွေအမျိုးသမီး
၂ ဦးနဲ့အတူ နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအတွက် လစဉ်
စစ်ဆေးမှုတွေအတွက် သူမရဲ့သမားတော် ဒေါက်တာတင်မျိုးဝင်းကလွဲလို့ ပြင်ပက
သူတွေနဲ့ ပုံမှန်တွေ့ဆုံတာမျိုးကိုတော့ အာဏာပိုင်တွေက ခွင့်မပြုဘဲ ကန့်သတ်ထား
တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG