သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိသားစု လက်ထောက်ဆရာဝန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ


နေအိမ်အကျယ်ချုပ်နဲ့ ၆ နှစ်ကြာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်နေလို့ ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာ
ကို ခွင့်ပြုခဲ့တဲ့အတွက် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်ပါ
တယ်။ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းရဲ့လက်ထောက် ဒေါက်တာပြုံးမိုအိက
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲ၊ အန်န်အယ်လ်ဒီ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကရော ဘာတွေပြောသလဲဆိုတာ မနန္ဒာချမ်းက တင်ပြပေးထား
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကြောင့် ဒေါက်တာတင်မျိုးဝင်းရဲ့လက်ထောက်
ဒေါက်တာပြုံးမိုအိက ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ထပ် ထပ်တွေ့ခွင့်ကို စနေနေ့က
တောင်းခံခဲ့တာပါ။ ဒါကြောင့် အစိုးရက ဒီနေ့ တနင်္လာနေ့မှာ တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန်ကျပြီး ရေဓာတ်လျော့နည်းနေတာ
ကြောင့် သောကြာနေ့တုန်းကပဲ ဒေါက်တာပြုံးမိုအိက အားဆေးသွင်းပေးခဲ့ရပါတယ်။
ဒါပေမယ့် အခုအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည် သက်သာလာပြီလား၊ သူမ
အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို နောက်ထပ် ဘာမှမသိရသေးပါဘူး။

အခုလို အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တွေ့ဖို့ ဒေါက်တာပြုံးမိုအိကို ခွင့်ပြု
လိုက်တဲ့အပေါ် အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို
ပြောပါတယ်။

“ကျနော် အတိအကျတော့ မသိဘူး။ မနက်ကတည်းက ဒီနေ့ ခွင့်ပြုချက်ရလိမ့်မယ်လို့
ကြားတယ်။ ဒေါက်တာပြုံးမိုအိအနေနဲ့ ဆက်ပြီးတွေ့ဖို့လိုအပ်တယ်ဆိုတာ တင်ပြထား
တယ်လို့ ကျနော်သိရပါတယ်။ ဒီအပေါ်မှာ ခွင့်ပြုတာလည်း ဖြစ်နိုင်တာပေါ့။ အခုလို
ခွင့်ပြုတာကတော့ သူ့ကို ကန့်သတ်ထားတဲ့အထဲမှာ ဆရာဝန်တွေ့ဆုံခွင့်ကို ကန့်သတ်
ထားတာမရှိဘူး။ လိုအပ်ရင် လိုအပ်သလို ခွင့်ပြုသင့်တယ်။ ဒါကို အခု ခွင့်ပြုတယ်
ဆိုတော့ ကြိုဆိုပါတယ်လို့ပဲ ပြောချင်ပါတယ်။”

ဒါ့အပြင် တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်ခဲ့ဘူးသူ၊ အခု
လက်ရှိ ကနေဒါနိုင်ငံ အက်ဒ်မွန်စတန် ဆေးတက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်
ထမ်းဆောင်နေတဲ့ ဒေါက်တာခင်စောဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မိတဲ့အကြောင်း အခုလိုပြောပါတယ်။

“သူက နဂိုကတည်းကလည်း အစားအသောက် စားသောက်တာ အင်မတန်
နည်းတယ်လေ။ အစားအသောက် နည်းတယ်ဆိုတော့ အမြဲတမ်းပဲ ဂရုစိုက်ပြီး
ဖြည့်စွက်စားသောက်ဖို့တို့ အမြဲတမ်း ဂရုစိုက်ပြီးနေဖို့ လိုတာပေါ့။ အဲတော့ အခုလိုမျိုး
အစားအသောက် နည်းတဲ့ကြားထဲက ရေဓာတ်လည်း ခန်းခြောက်တယ်ဆိုရင်တော့
ပေါ့ပေါ့ဆဆ သဘောထားလို့ မရပါဘူး။ ကြာရင် သူက ကျောက်ကပ်ကို ထိခိုက်နိုင်
တယ်၊ နှလုံးသွေးကြော လှည့်ပတ်မှုတွေမှာလည်း ထိခိုက်ပြီးတော့ ကြီးကျယ်တဲ့ရောဂါ
ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ဒါက စောစောစီးစီး ကုသမှု လိုတယ်။

“အစားအစာနဲ့ ပတ်သက်လို့လည်း ဂရုတစိုက် စားသောက်နိုင်အောင် ဖန်တီးပေးဖို့
လိုတယ်။ ရေဓာတ်ခန်းခြောက်ရာက တခြား ဘာတွေများ စိုးရိမ်စရာ ဖြစ်လာမလဲ
ဆိုတာ သေသေချာချာ စမ်းသပ်ပြီး ကုသခံယူဖို့လည်း လိုတဲ့အတွက် အင်မတန် သူ့ရဲ့
ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ အခြေအနေ ရှိပါတယ်၊ စိုးရိမ်စရာ
ကောင်းပါတယ်။”

တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်ခဲ့ဘူးသူ ဒေါက်တာ
ခင်စောဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ အစိုးရ
အနေနဲ့ သူမပါတီကိုရော ပြည်သူကိုပါ ပွင့်ပွင့်လင်းလင်း အသိပေး ပြောကြားတာ
မရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အားလုံးက
စိုးရိမ်မှုတွေ ရှိနေကြတာပါ။

လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Burma Campaign UK
ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့
ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ကြီး အနေနဲ့လည်း
မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်တွေ စေလွှတ်ဖို့ တိုက်တွန်းတောင်းဆိုထား
ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကိုလည်း
အစိုးရက ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ခေါ်ဆောင်ထိန်းသိမ်းသွားတာ
အခုဆိုရင် ၅ ရက်ရှိသွားပါပြီ။ ဒါပေမယ့် ဒေါက်တာတင်မျိုးဝင်းကို ဘယ်မှာထိန်းသိမ်း
ထားတယ်၊ ဘာကြောင့်ထိန်းသိမ်းထားတယ်၊ ဘယ်လောက်ကြာမယ် ဆိုတာတွေကို
တော့ အခုအချိန်အထိ ဒေါက်တာတင်မျိုးဝင်းရဲ့ မိသားစုဝင်တွေကို အသိပေး ပြောဆို
တာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း မိသားစုဝင်တွေက ဒေါက်တာတင်မျိုးဝင်း
အတွက် အတော်လေး စိုးရိမ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို အစိုးရက ပယ်ချခဲ့တဲ့အပေါ် ရှေ့နေကြီး
ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့် ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းက
တောင်းခံထားပေမယ့် အစိုးရက အခုအထိ တစုံတရာ အကြောင်းပြန်တာမျိုး
မရှိသေးဘူးလို့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အစိုးရက
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာဟာ ဒီလ ၂၇ ရက်နေ့ဆိုရင်
သက်တမ်းပြည့်တော့မှာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ လိုကိုလိုအပ်တယ်လို့
ရှေ့နေကြီးဦးကြည်ဝင်းက ပြောပါတယ်။

“တွေ့ခွင့်တောင်းတာကိုတော့ ခွင့်မပြုသေးဘူး။ ဒီကြားမှာတော့ ပြောသာပြောတာ
အခု ဘယ်နှစ်ရက်ကျန်တော့လဲဆိုတော့ ၁၆ ရက်ပဲ ကျန်တော့တယ်။ ကျနော်တို့က
ဒေါ်စုနဲ့တွေ့မှ ဘာဆက်လုပ်ပါ ဘာညာဆို ပြောမှာကိုး။ ကျနော်တို့အပိုင်းအနေနဲ့က
တော့ ကိုယ့်ဟာကိုယ်လုပ်လို့ မရတော့ဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ၂၀၀၃၊ မေ ၃၀ ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး
ဒီလကုန်မှာ ၆ နှစ်တင်းတင်း ပြည့်တော့မှာဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်း
စုကြည်ကို ဥပဒေကြောင်းအရ ခုခံချေပခွင့်မပေးတာ၊ သူမရဲ့ရှေ့နေတွေက
တင်သွင်းတဲ့ အယူခံလွှာတွေကိုလည်း အစိုးရက ပယ်ချခဲ့တာတွေအပေါ် နိုင်ငံ
တကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက အစိုးရကို လူ့အခွင့်အရေး
ချိုးဖောက်မှုတရပ်အနေနဲ့ ဝေဖန်ရှုတ်ချနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG