သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အစ္စရေးလ်ကို အလည်အပတ်ရောက်


အစ္စရေးလ်၊ ပါလက်စတိုင်း နှစ်ပြည်ထောင် တည်ရှိရေးကိစ္စ အဆိုပြုချက်ကို ပုပ်ရဟန်း
မင်းကြီး ဘန်နဒစ် (Benedict) က ပြောဆိုလိုက်တဲ့အတွက် သူ့အဆိုပြုချက်က
အစ္စရေးလ်အစိုးရသစ်ရဲ့ အယူအဆနဲ့ ဆီလျော်မှုမရှိဘဲ ဖြစ်သွားနိုင်ပါတယ်။

ပါလက်စတိုင်းနဲ့ အစ္စရေးလ်တို့ အမိမြေမှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့
နယ်နိမိတ်အတွင်း အတည်တကျ နှစ်ဖက် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက်
ဒီပဋိပက္ခမှာ တာဝန်ရှိသူတွေအားလုံးက ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေအားလုံးကို
တရားမျှတစွာ ရှာဖွေလုပ်ဆောင်ကြဖို့ ဒီကနေ့ အစ္စရေးလ်နိုင်ငံ တဲလ် အဗစ်
(Tel Aviv) မြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း
ပြောကြားသွားပါတယ်။

ပုပ်ရဟန်းမင်းကြီး အဲဒီလို ပြောကြားတဲ့နေရာကို အစ္စရေးလ်ဝန်ကြီးချုပ်သစ် ဘန်ဂျမင်
နက်တန်ယာဟု (Benjamin Netanyahu) လည်း တက်ရောက်ခဲ့ပါတယ်။
ပါလက်စတိုင်းဒေသ သီးခြားခွဲထွက်ရေး အယူအဆကို အစ္စရေးလ်ဝန်ကြီးချုပ်သစ်က
မလိုလားပါဘူး။

ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ အကြီးအကဲက ခရစ်ယာန်တွေအတွက်
အထွတ်အမြတ်ဖြစ်တဲ့နေရာကို ဘုရားဖူး ထွက်လာတာပါ။ ဟိုလိုကော့စ်တ်
(Holocaust) မှာ ဂျူးလူမျိုးတွေ သန်းနဲ့ချီ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ သမိုင်းအချက်ကို
လက်မခံတဲ့ ရိုမန်ကက်သလစ် ဂိုဏ်းခေါင်းဆောင်တဦးကို ပုပ်ရဟန်းမင်းကြီးက
ဒီအတိုင်း ဆက်လက် လက်ခံထားတဲ့အပေါ် အစ္စရေးလ်နိုင်ငံက ဂျူးလူမျိုးတွေက
မကျေမနပ်ဖြစ်နေတဲ့ ကာလအတွင်း ပုပ်ရဟန်းမင်းကြီး အခုလို အစ္စရေးလ်နိုင်ငံကို
ရောက်ရှိသွားတာပါ။

ဂျူးဆန့်ကျင်ရေး ပြောဆိုနေကြတာဟာ လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်လို့ ဟိုလို
ကော့စ်တ်မှာ ဂျူးလူမျိုး ၆,၀၀၀,၀၀၀ လောက် သတ်ဖြတ်ခံခဲ့ရတာကို ရည်စူး
ဆောက်လုပ်ထားတဲ့ အမှတ်တရ အောက်မေ့ဖွယ်နေရာမှာ ပုပ်ရဟန်းမင်းကြီးက
ပြောခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဂျော်ဒန်နိုင်ငံ အမ္မန် (Amman) မြို့ကနေ
အစ္စရေးလ်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG