သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေငလျင်တနှစ်ပြည့် အထိမ်းအမှတ် တရုတ်နိုင်ငံမှာ ကျင်းပ


တရုတ်နိုင်ငံမှာ လူ ၈၀,၀၀၀ ကျော်သေဆုံးပြီး ၅၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ငလျင်လှုပ်ခဲ့တာ တနှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျန်ရစ်သူမိသားစုတွေနဲ့အတူ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက် နေကြပါတယ်။

ပြင်းအား ၇.၉ ရှိတဲ့ ငလျင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်နဲ့ အိမ်နီးချင်းပြည်နယ်နှစ်ခုမှာ လှုပ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က မေလ ၁၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်မှာ လှုပ်ခဲ့တာမို့ အဲဒီ အချိန်အတိုင်း ဒီနေ့ အတိအကျ အခမ်းအနား ကျင်းပခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ်တာ ငြိမ်သက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားကို တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ တခြားခေါင်းဆောင်တွေ
တက်ရောက်ခဲ့ကြပြီး ငလျင်ဗဟိုပြုလှုပ်ခဲ့တဲ့ ယင်စီးမြို့မှာ လွမ်းသူ့ပန်းခွေ ချခဲ့ကြ ပါတယ်။

ဒီငလျင်ကြောင့် တနိုင်ငံလုံး အတူတကွ စည်းစည်းလုံးလုံးနဲ့ ဒုက္ခတွေကို မျှဝေခဲ့ ကြတဲ့ အထိမ်းအမှတ်အဖြစ် မေလ ၁၂ ရက်နေ့ကို တရုတ်နိုင်ငံရဲ့ သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ သမ္မတ ဟူဂျင်တောင်းက ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ငလျင်ဘေးသင့် ဒုက္ခသည်တွေကို ချက်ချင်းဆိုသလို
အကူအညီတွေ ပေးနိုင်ခဲ့လို့ နိုင်ငံတကာအသိုင်းအဝန်းက ချီးကျူးခဲ့ကြပါတယ်။
ဒါပေမဲ့ ဖြစ်သလိုဆောက်ထားတဲ့ ကျောင်းတွေပြိုကျပြီး သေဆုံးခဲ့ကြသူ
ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေကတော့ အာဏာပိုင်တွေကို အပြစ်တင်ဆဲ
ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG