နေထိုင်မကောင်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်က နောက်ထပ် စစ်ဆေးကြည့်ရှုမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ကျန်းမာရေး အတန်အသင့် ကောင်းမွန်လာတယ်လို့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ပြောဆို လိုက်ပေမဲ့ ကျန်းမာရေး၊ လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်တာတွေကတော့ ရှိနေကြဆဲပါ။ တချိန်တည်းမှာပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရဆဲ အခြေအနေနဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ သူမရဲ့ လုံခြုံရေး ပြဿနာတွေအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက အလေးထား အာရုံစိုက်ဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
သွေးပေါင်ချိန်ကျတာ၊ ရေဓာတ်နည်းပြီး အစားမစားနိုင်တဲ့အထိ ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံခဲ့ရလို့ အားဆေးသွင်း ကုသမှုတွေ လုပ်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ အခုအခါ တိုးတက်မှုတချို့ ရှိလာတယ် ဆိုပြီး ပြောလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နာရီအနည်းငယ်ကြာ ကြည့်ရှုခွင့်ရခဲ့တဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းရဲ့ လက်ထောက်ဖြစ်တဲ့ ဒေါက်တာပြုံးမိုအိ ကျန်းမာရေးစမ်းသပ်စစ်ဆေးတာတွေ လုပ်ခဲ့အပြီး တိုးတက်မှုတချို့ ရှိလာတာကို တွေ့ရတာလို့ သူ့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ပြောပါတယ်။ ဒါပေမဲ့လို့ ရေရှည်
ကျန်းမာရေးစောင့်ရှောက်မှုတွေ ရသွားဖို့နဲ့ လုံခြုံရေးကိစ္စ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှု တွေကတော့ ရှိနေတုန်းပဲလို့ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“မနေ့က ဒေါက်တာပြုံးမိုအိ ဝင်တယ်လေ။ ၄ နာရီလောက်ကြာတယ်၊ မနေ့က။ ကျန်းမာရေးကတော့ တိုးတက်ပါတယ်တဲ့၊ သွေးအားလည်း ပြန်တက်လာပြီတဲ့၊ ရေရှည်တော့ စမ်းသပ်စစ်ဆေးဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ ကြွက်တက်တတ် တယ်၊ အရင်တုန်းက မရှိဘူး။ အဲဒါ ဘာဖြစ်လို့ ကြွက်တက်သလဲဆိုတဲ့ဟာကို ရှာဖို့လိုမယ်လို့ ကျနော့်ကို ပြောပါတယ်။”
အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတဦးကို ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပြီး အစိုးရက သတင်းထုတ်ပြန်လိုက်လို့ သူမ လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ
နောက်ဆက်တွဲဆိုသလို ကျန်းမာရေး ယိုယွင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ပူပန်မှုတွေ၊ နောက်တခါ နေအိမ်ဝင်းထဲကို နိုင်ငံခြား သားတဦး တိတ်တဆိတ် ဝင်ရောက်လာတဲ့အထိ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ သူ့အပေါ် အပြစ်ဖို့ပြီး အာဏာပိုင်တွေက အရေးယူ ကိုင်တွယ်တာတွေ လုပ်လာမှာကို စိုးရိမ်မကင်း ဖြစ်နေကြတာတွေလည်း ရှိနေပါတယ်။
ဒေသတွင်း မြန်မာ့အရေးလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်တဲ့ Burma Partnership အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေးအတွက် စိတ်ချမှုရစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် မကြာသေးခင်ကဘဲ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ သူ့ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း က လုပ်ဖို့လိုတယ်ဆိုပြီး တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံလို အဖွဲ့အစည်းတွေအနေနဲ့ ဒီလို စိုးရိမ်စရာ အခြေအနေမှာ ရေငုံနှုတ်ပိတ် မနေသင့်ဘူးလို့ ယူဆတာမို့ အခုလို တိုက်တွန်းလိုက်ရတာလို့ Burma Partnership အဖွဲ့က မသင်းသင်းအောင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အခုထက်ထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေရော၊ လုံခြုံရေးအခြေအနေရော စိုးရိမ်ရတဲ့ အနေအထားကို ဘာမှမပြောဘဲနဲ့ တိတ်ဆိတ်နေတဲ့အပေါ်မှာ ကျမတို့အဖွဲ့အစည်းအနေနဲ့ လုံး၀ အားမရတာရှိတယ်။ ဒါကြောင့် ကုလသမဂ္ဂက ဦးဆောင်ပြီး ဒေသဆိုင်ရာ အာဆီယံ အကုန်လုံးက ဝင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဘယ်လိုမျိုးရှိသလဲဆိုတာ သေသေချာချာ ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းစစ်ဆေးဖို့လိုတယ်။ အခု သူတို့အနေနဲ့ ကိုယ်စားလှယ် Urgent လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သိရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ အမြန်ဆုံး လိုအပ်နေတယ်။
“အဲဒီလိုပဲ ဒေသဆိုင်ရာ အာဆီယံအနေနဲ့လည်း နအဖစစ်အစိုးရကို မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ကိစ္စက သက်တမ်းကုန်တော့မယ်။ အဲဒါကို ထပ်ပြီးတော့ သက်တမ်းတိုးချင်လို့၊ ဆက်ပြီး ရမယ်ရှာပြီးတော့ ပြစ်ဒဏ်ချချင်လို့ စီမံတဲ့ လုပ်ရပ်လို့ မြင်တဲ့အတွက် အာဆီယံကို ကြိုပြီးတော့ တပ်လှန့်ထားတဲ့သဘောလည်း ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဆိုးရွားလာနေတယ်၊ ကုသမှုတွေ အလုံအလောက် မရနိုင်ဘဲ ဖြစ်နေတယ် ဆိုတဲ့ အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ ပြောဆိုခဲ့သလို လုံလောက်တဲ့ ဆေးဝါးကုသ
စောင့်ရှောက်မှုတွေကို ခွင့်ပြုပေးဖို့အတွက်လည်း ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာ ရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေတဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် (Mitch McConnell)
ကလည်း ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ အီတလီနိုင်ငံကလည်း အလားတူ တောင်းဆိုလိုက်ပြီးတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်မှုတွေရှိစေဖို့ အီးယူ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့နဲ့ ပူးတွဲလုပ်သွားမယ် ဆိုပြီးတော့လည်း ပြောလိုက်ပါတယ်။