သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည်တွေအတွက် ပါကစ္စတန် အကူအညီတောင်း


ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ဒေသ တာလီဘန်တို့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့
နေရာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်
အတွက် ကမ္ဘာက အကူအညီပေးကြဖို့ ပါကစ္စတန်သမ္မတ အဇစ်ဖ် အာလီ ဇာဒါရီ
(Asif Ali Zardari) က ပန်ကြားသွားပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ သူနဲ့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr.Ban Ki-moon) တို့ ပူးတွဲ
ပန်ကြားပါတယ်ဆိုပြီး နယူးယောက်ခ်မြို့မှာ မစ္စတာဘန်ကီမွန်းနဲ့ ဆွေးနွေးအပြီး
မစ္စတာဇာဒါရီက သတင်းထောက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ လူသားချင်းစာနာထောက်ထားမှု
ဆိုင်ရာ အခြေအနေတွေအတွက် များစွာပူပန်မိကြောင်း မစ္စတာဘန်က ပြောပါတယ်။
စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့တွေပေးဖို့ ကုလသမဂ္ဂက
အဆင်သင့်ပါပဲလို့ မစ္စတာဘန်က ပြောပြီး မစ္စတာဇာဒါရီ အနေနဲ့လည်း အရပ်သား
တွေကို နည်းပေါင်းစုံနဲ့ အစွမ်းကုန်ကာကွယ်ပေးဖို့ တိုက်တွန်းပါတယ်။

စစ်တပ်က စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အချိန်မှာ အခုလိုပြောကြားတာ
ဖြစ်ပြီး ပါကစ္စတန်စစ်တပ်ကတော့ သူတို့စစ်သားတွေကို တာလီဘန်တွေ နေရာယူထား
တဲ့နေရာ နောက်နားကို ရဟတ်ယာဉ်တွေနဲ့ သွားပြီး ချပေးခဲ့ပါတယ်။

တာလီဘန်တပ်မှူး မာလာနာ ဖာဇူလာ အခိုင်အမာ ခြေကုပ်ယူထားတယ်လို့ ယူဆရတဲ့
ဆွပ်တ်တောင်ကြားမြောက်ပိုင်း ဝေးလံခေါင်သီလှတဲ့ ပီအိုချာဒေသမှာ တပ်သားတွေ
ရောက်သွားပြီလို့ စစ်တပ်အရာရှိတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG