သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို တရားစွဲပြီး အင်းစိန်ထောင်ပို့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်
စည်းမျဉ်းချိုးဖောက်မှုနဲ့ ဒီနေ့ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ
တရားစွဲဆိုလိုက်တယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို အမေရိကန်နိုင်ငံသား ဂျွန် ဝီလျမ် ယက်တော
(John William Yettaw) ဆိုသူ တိတ်တဆိတ် ဝင်ရောက်ခဲ့တာကြောင့် အပြင်လူ
ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်တာလို့
စွပ်စွဲပြီး ပုဒ်မ ၂၂ နဲ့ တရားစွဲဆိုတာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ သက်တမ်းကုန်ဆုံး
ခါနီးမှာ ဒီလို တရားစွဲခံရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရေကူး
ဝင်ရောက်ခဲ့တဲ့ ဂျွန် ဝီလျမ် ယက်တောရဲ့ လုပ်ရပ်ဟာ အရူးတယောက်လို မဆင်မခြင်လုပ်တဲ့ လုပ်ရပ်ဖြစ်တဲ့ အကြောင်း
ရှေ့နေဦးကြည်ဝင်းက အပြစ်တင်လိုက်ပါတယ်။

အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ဂျွန် ဝီလျမ် ယက်တောကို ရန်ကုန်ရှိ အမေရိကန်သံရုံး
ကောင်စစ်ဝန်က မနေ့က တွေ့ဆုံခဲ့ပါတယ်။ သူ့ကို ဒီနေ့ရုံးထုတ်ပြီး ရှေ့သီတင်းပတ်မှာ
ရုံးချိန်းရှိတယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရသူ ရစ်ချတ် မေ (Richard Mei) က
ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖော်အဖြစ် စောင့်ရှောက်ပေးနေကြတဲ့ ဒေါ်ခင်ဝင်းနဲ့ သမီး
မဝင်းမမတို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ
ကာကွယ်တဲ့ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို တရားစွဲဆိုလိုက်တာကြောင့် သြစတြေးလျ နိုင်ငံခြား
ရေးဝန်ကြီး စတီဗင် စမစ်သ် (Stephen Smith) ကလည်း စိုးရိမ်မကင်း ဖြစ်ရတယ်လို့
ဒီနေ့ အလေးအနက် ပြောဆိုလိုက်ပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်း
ထားတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် မြန်မာအာဏာပိုင်တွေက အာမခံချက်ပေးဖို့ကိုလည်း
မနေ့က တောင်းဆိုထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဒေါ်အောင်ဆန်းစုကြည်ကို
တရားစွဲဆိုတာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်း
စုကြည်ကို စပြီး ဖမ်းဆီးထားကတည်းကိုက တရားမဝင်ကြောင်း၊ တရားမျှတမှုမရှိ
ကြောင်း၊ ဒါ့ကြောင့် ထိန်းသိမ်းထားတာကို သက်တမ်းတိုးတာဟာလည်း ဘယ်လိုနည်း
နဲ့မှ တရားသဖြင့်စီရင်တာ မဖြစ်နိုင်ဘူးလို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG