သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတဲ့ကိစ္စ ကမ္ဘာ့ခေါင်းဆောင်တွေ ရှုတ်ချ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၃ ရက်နေ့ မနက်ကအင်းစိန်ထောင်မှာ တရားစွဲပြီး ထောင်ထဲကို ပို့လိုက်တယ်ဆိုတဲ့သတင်း တကမ္ဘာလုံး ဟိုးလေးတကျော် ဖြစ်သွားပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) အပါအဝင် ကမ္ဘာတဝန်းက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်း အသီးသီးက စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်တွန်းထားသလို ခုလိုအခြေအနေမျိုးမှာ ရှေ့ဆက် ဘာတွေလုပ်သင့်သလဲ၊ လုပ်ဖို့ရှိတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားတွေကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ တုံ့ပြန်မှုအစုံစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မနေ့တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စ မာရီ အိုကဘဲ (Ms. Marie Okabe) က အတွင်းရေးမှူးချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အခုလိုပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်မှု စွဲချက်တွေနဲ့ အင်းစိန်ထောင်ကို ပို့လိုက်ပြီဆိုတဲ့သတင်းကြောင့် အထွေထွေ အတွင်းရေးမှူးချုပ် အင်မတန် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြား စေ့ရေး အတွက် တွေ့ဆုံ စကားပြောရေးမှာ မရှိမဖြစ် အရေးကြီးတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေမယ့် အပြုအမူမျိုးကို မြန်မာအစိုးရအနေနဲ့ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းပါတယ်။ အတွင်းရေးမှူးချုပ်အတန်တန်ပြောခဲ့ဖူးသလိုပဲ သူအပြည့်အ၀ ယုံကြည်တာက မြန်မာနိုင်ငံရဲ့ အနာဂတ်
အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အုတ်တချပ်သဲတပွင့်အဖြစ် ပါဝင်ရမယ့်သူ အားလုံးအနေနဲ့ လွတ်လွတ် လပ်လပ် ဆောင်ရွက်ပိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဟာ လေးစားစိတ်ချနိုင်စရာ ဖြစ်လာမှာ ပါ။”

အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူမှုဟာ
နိုင်ငံတကာဥပဒေ ရှုထောင့်ကနေရော မြန်မာအစိုးရဘက်က ကိုယ်တိုင်ထုတ်ပြန်ခဲ့တဲ့ ၁၉၇၅ ခု နိုင်ငံတော် ကာကွယ် စောင့်ရှောက်မှု ဥပဒေနဲ့ပါ ဆန့်ကျင်နေကြောင်း ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း အမေရိကန်နိုင်ငံမှာ သူနဲ့ တရားဝင်တွေ့ဆုံဖို့ ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ခ် အန်နီဖာ အာမန် (Datuk Anifah Aman) နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီး ခုလိုပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တယောက် အခြေအမြစ်မရှိတဲ့ စွဲချက်တွေနဲ့ အရေးယူခံလိုက်ရတာကို ကြားရတာနဲ့ ကျမ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒါဟာ တရားဥပဒေနဲ့ မကိုက်ညီသလို အာဆီယံပဋိညာဉ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေနဲ့လည်း မကိုက်ညီပါဘူး။ စစ်အစိုးရအနေနဲ့ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ ဆက်ပြီးထိန်းချုပ်ထားဖို့ ကြိုးစားလိုက်တာကို ကျမတို့ ကန့်ကွက်ပါတယ်။ သူ့ရဲ့ နေအိမ် အကျယ်ချုပ်ခံရတာ ၆ နှစ် မပြည့်ခင်လေးမှာ ခုလိုဖြစ်သွားခဲ့ရတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း အကန့်အသတ်မရှိ လွှတ်ပေးပါလို့ စစ်အစိုးရကို တောင်းဆိုပါတယ်။”

ဆက်လက်ပြီး မစ္စကလင်တန်က သူ့ဘက်က ဘာတွေဆက်လုပ်မလဲဆိုတာကို ခုလိုပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ မလေးရှား အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ စကားပြောဖို့ ရှိပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ်နဲ့လည်း ကျမ တွေ့ဖို့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာရှဒေသတခုလုံးကနေပြီး ထုတ်ပြန်ကြေညာချက် တစောင် ထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ကျမတို့ထင်ပါတယ်။ ကျမတို့အနေနဲ့ တရုတ်နိုင်ငံကိုလည်း ချဉ်းကပ်ပြီး ဆွေးနွေးသွား ဖို့ ရှိပါတယ်။”

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ခ် အန်မန် ပြောခဲ့တာကတော့ …

“ခုလိုအချိန်မျိုးမှာ ကျနော်တို့က မြန်မာနိုင်ငံကို အထီးကျန် မချန်ထားချင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကနေတဆင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ နည်းလမ်းနဲ့ အဖြေရှာချင်ပါတယ်။ ဖြစ်နိုင်ရင် အာဆီယံနိုင်ငံတွေအပြင် အာဆီယံ အပေါင်း ၃ နိုင်ငံတွေထဲက တရုတ်လိုနိုင်ငံမျိုးရဲ့ သဘောထားကို တီးခေါက်ပြီး သူတို့ ဆီက အကူအညီနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားရှာမှာ ဖြစ်ပါတယ်။”

ဗြိတိန်ဝန်ကြီးချုပ်အပြင် ဥရောပသမဂ္ဂ (အီးယူ)၊ Amnesty International အဖွဲ့ကြီးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်မကင်းဖြစ်ရကြောင်း၊ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ သက်ဆိုင်သူတွေအားလုံး ပါဝင်ခွင့်ရတဲ့ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ် စတင်ဖို့ တိုက်တွန်းထားကြပါတယ်။

တောင်အာဖရိကနိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tutu) ကလည်း ဒီလိုအရေးယူတဲ့ကိစ္စဟာ မိုက်မဲတဲ့လုပ်ရပ်ပဲလို့ ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဖို့ စစ်အစိုးရက အကြောင်း ရှာနေတာ ရှင်းပါတယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ကလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေနဲ့အညီ မဟုတ်ဘဲ ထိန်းသိမ်းထားတာ ၁၃ နှစ် ရှိပါပြီ။ အခုအမှုကလည်း ဥပဒေနဲ့ မညီညွတ်ပါဘူးလို့ ယခင်ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး မေရီ ရော်ဘင်ဆင် (Mary Robinson) ကလည်း ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG