မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်
အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာ
အာဏာပိုင်တွေက ဒီကနေ့ ရုံးထုတ်
စစ်ဆေးလိုက်ပါတယ်။ ပထမအကြိမ်
ထောင်တွင်းကြားနာ စစ်ဆေးမှုကို
လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်
ချထားတဲ့ကြားကပဲ တရားခွင်အခြေ
အနေကို သိလိုကြတဲ့ ဒေါ်အောင်ဆန်း
စုကြည်ကို ထောက်ခံသူတွေ၊ စိတ်ဝင်စား
သူတွေ အများအပြားလည်း အင်းစိန်ထောင် ပတ်ဝန်းကျင်မှာ ဒီကနေ့ စုဝေးရောက်ရှိ
လာကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမေရိကန်နိုင်ငံသားတယောက် တိတ်တဆိတ်
ရေကူးဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆို ကြားနာမှုတွေ စလုပ်ခဲ့တာပါ။
လုံခြုံရေးတွေ ထူထူထဲထဲချထားတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်း တရားခွင်အတွင်း
တရားလိုသက်သေအဖြစ်နဲ့ ဒုတိယရဲမှူးကြီးတဦးကို စတင်စစ်ဆေးတာတွေ လုပ်ပြီး
တော့ နေ့လယ်ပိုင်းမှာ တရားခွင် အဆုံးသတ်သွားပြီး မနက်ဖြန် ဆက်စစ်မယ်လို့
အမှုမှာ လိုက်ပါဆောင်ရွက်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့
ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီနေ့တရားခွင်က မနက် ၁၀ နာရီကျော်ကျော်လောက်မှာ စပါတယ်။ ကျနော်တို့
ရှေ့နေ ၄ ဦး ၀င်ပါတယ်။ မစ္စတာဂျွန်ဝီလျမ် အတွက်ပါဆိုရင် အားလုံး ၅ ဦးပေါ့။
ပထမဆုံးအနေနဲ့ တိုင်ကြားတဲ့ပုဂ္ဂိုလ် ဒုတိယရဲမှူးကြီးတယောက်ကို ဒီနေ့ စစစ်ပါတယ်။
၁၀ နာရီကျော်ကျော်လောက်ကစစ်တာ ၂ နာရီ၊ ၂ နာရီခွဲလောက်မှာ ပြီးပါတယ်။
ဒီနေ့ရုံးချိန်းကတော့ ဒီတယောက်နဲ့ပဲ ပြီးသွားတယ်။ ကျနော်တို့ မနက်ဖြန် ဆက်ချိန်း
တယ်။”
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကန့်သတ်တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲ
ချက်နဲ့ အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တရား
စွဲဆိုလိုက်တာပါ။ ဒါပေမယ့်လည်း ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကာယကံရှင်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေက အခု တရား
ခွင်မှာ သက်သေစစ်ချက်အပေါ် ဥပဒေကြောင်းအရ ပြန်လှန်မေးခွန်းထုတ်ခဲ့တယ်လို့
လည်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။
“ကျနော်တို့က ပြန်လှန်မေးတဲ့အခါ သူတို့ တားဆီးမိန့်ကို ဖတ်ပြတယ်။ ဖတ်ပြပြီးတော့
အဲဒီထဲမှာပါတဲ့ တချက်ချင်း မေးလိုက်တယ်။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မကျွေးရ
ဘူးတို့၊ စကားမပြောရဘူးတို့ ပါလား။ ပြင်ပနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ သူက အခု
လုံခြုံရေးယူထားတဲ့ကြားက ဖောက်ပြီးဝင်လာတာ။ ဒီလို လုံခြုံရေးယူထားတာ
မပေါက်လို့ရှိရင် ဒီအမှု မဖြစ်ဘူး။”
ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင်တွေ၊ သူ့ကိုထောက်ခံကြ
သူတွေနဲ့ စိတ်ဝင်စားသူ အများအပြား ရောက်လာကြပေမယ့် အာဏာပိုင်တွေက
လုံခြုံရေးအစီအမံတွေကို တင်းတင်းကျပ်ကျပ် ချထားတာပါ။ အင်းစိန်ထောင်ရှေ့
သာမက အင်းစိန်မြို့ထဲ အဓိကနေရာ အတော်များများမှာပါ လုံခြုံရေးတပ်ဖွဲ့တွေ၊
အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေက လမ်းပေါ်မှာ
တားဆီးပိတ်ဆို့တာတွေ လုပ်ထားတာလို့ ရန်ကုန်မြို့ခံတယောက်က ပြောပြပါတယ်။
“ဟိုဘက် ပန်းခြံဘက်ကလည်း ပိတ်တယ်။ ဒီဘက် ပေါက်တောဝဘက်ကလည်း
ပိတ်တယ်။ နှစ်ဖက်လုံးပိတ်လိုက်တာ၊ ဟိုဘက်ဒီဘက်ကို။ မနက်အစောကြီးပိုင်းက
လူဝင်လို့ရသေးတယ်။ ၂ ယောက်ပါသွားတယ်လို့ပြောတယ်၊ ဘယ်သူတွေလဲဆိုတာ
တော့ မသိရသေးဘူး။ ၈ နာရီခွဲလောက်ကဆိုရင် ကားလမ်းမမှာ အများကြီးပဲ၊
စွမ်းအားရှင်တွေရော၊ လုံထိန်းတွေရော၊ ရဲတွေရော အများကြီးပဲ။ ဒါပေမယ့် အဲဒီ
လမ်းပိတ်တဲ့နေရာမှာကြတော့ စစ်တပ်ကို ချထားတယ်၊ စစ်ကားတွေပဲ ရှိတယ်။
သံဆူးကြိုးနဲ့ ပိတ်ထားတာ။ မနက်ပိုင်းကတော့ လူဝင်လို့ရတယ်၊ ကားသွားလို့မရဘူး။
အခုကြတော့ လူပါဝင်လို့မရတော့ဘူး။ သံဆူးကြိုးနဲ့ပိတ်တယ်၊ အရှေ့မှာ စစ်သား
၃ ယောက် လက်ပတ်အနီနဲ့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ကြားနာမယ်ဆိုလို့ မနက် ၇ နာရီလောက်ကတည်းက
ထောင်ရှေ့ကို သွားခဲ့ပေမယ့် အတားအဆီးတွေနဲ့သာ တွေ့ရလို့ အင်းစိန်ဈေးအနီးကနေ
ကြားနာမှုပြီးတဲ့အထိ စောင့်ဆိုင်းနေခဲ့တဲ့ အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ရဲ့
အတွေ့အကြုံကတော့ …
“ဈေးရှေ့မှာ ကျနော်ရောက်နေတာ။ ဈေးရှေ့မှာ လူတော်တော်များတယ်ဗျ။
ဈေးလောက်ကနေ စပြီးပိတ်လိုက်တာ ဟိုဘက် ပေါက်တောဝအထိ ပိတ်ထားတယ်။
ပေါက်တောဝဘက်မှာလည်း လူတွေ တော်တော်များများရှိတယ်လို့ ပြောတယ်။
ရပ်ကွက်တွေထဲမှာလည်း အကုန်လုံး လျှောက်ပိတ်ထားတယ်။ ဘုန်းကြီးကျောင်းတို့
ဘုရားတို့လည်း ပိတ်ထားတယ်။ အခုက ပိတ်တဲ့အပေါ်မှာမူတည်ပြီး လူတွေက စုရုံးစုရုံး
ဖြစ်နေတာပဲ။ ခုနတုန်းက ကလေးတယောက်တော့ ခေါ်သွားတယ်။ ရွှေပြည်သာမြို့နယ်
အန်န်အယ်လ်ဒီ မြို့နယ်စည်းက မောင်ထွေးသိန်းဆိုတာ၊ သူ့ကို ဘယ်လို မသင်္ကာ
ဖြစ်တယ်မသိဘူး၊ ခေါ်သွားတယ်။
“သာမန်အားဖြင့် တရားရုံးဆိုတာ ထောင်ထဲမှာမှ ဟိုးအတွင်းမှာကို ထောင်နံရံနား
ကပ်နေတာ။ အဲဒီတော့ အထဲကအခြေအနေလည်း ကျနော်တို့ ဘာမှသိစရာအကြောင်း
မရှိဘူး။ ဖွင့်ထားလို့ လမ်းတွေ ဘာတွေ သွားလာနေရင် ကျနော်ထင်တယ် ဒီကိစ္စက
ဘာမှရှိမှာမဟုတ်ဘူး။ တချို့လူတွေကတော့ ပြောတယ်၊ ဘယ်လိုလဲ ဒီဟာ ဖွင့်ပေးဖို့
တောင်ကောင်းတယ်၊ ဘာညာပေါ့ဗျာ။ Open Court ပေါ့။ တရားခွင်နား သွား
နားထောင်ရရင်၊ ကျနော်ကတော့ ရယ်စရာတောင် ပြောလိုက်သေးတယ်။
Open Court ဖြစ်ဖို့ နေနေသာသာ အခု ထောင် Open Compound တောင်မှ
မဖြစ်ဘူးလို့။”
အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။
အခုအမှုအတွက် အာဏာပိုင်တွေဘက်က တရားလိုသက်သေအဖြစ်နဲ့ လူပေါင်း
၂၂ ယောက်ကို တင်သွင်းဖို့ ရှိနေပြီးတော့ ဒီအထဲက အများစုဟာ အစိုးရ၀န်ထမ်းတွေ
ဖြစ်တယ်လို့လည်း ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ မနက်ဖြန် အင်္ဂါနေ့
အတွက် စစ်ဆေးမေးမြန်းမှုတွေမှာ ဆိုရင်လည်း အလားတူ ရဲအရာရှိတွေ၊ အစိုးရ
ဝန်ထမ်းတွေ ပါဝင်ထွက်ဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။