သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားဖြည့်ဖို့ အီးယူ စဉ်းစား


မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ရေးအတွက် အီးယူ ဥရောပအဖွဲ့ဝင် နိုင်ငံတွေဘက်က အဆိုပြု ချက်နဲ့ စဉ်းစားထားတာတွေ တင်ပြဖို့ အီးယူအလှည့်ကျ သဘာပတိဖြစ်တဲ့ ချက်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံပြောင်းလဲရေးမှာ အာရှနိုင်ငံတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့ရေးနဲ့ ပတ်သက်လို့ အီးယူအရာရှိတွေအကြား ဆွေးနွေးချက်တွေအကြောင်း ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အီးယူ အလှည့်ကျ သဘာပတိဖြစ်တဲ့ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျန် ကိုဟော့တ် (Jan Kohout) က မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် အရေးယူရေး အီးယူအဖွဲ့ဝင် နိုင်ငံတွေဘက် က အဆိုပြုချက်တွေ တင်ပြဖို့ တောင်းဆိုမယ်လို့ ပြောဆိုသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်ခါနီးအချိန် စစ်အစိုးရဘက်က ဒီလို ဖမ်းဆီးတရားစွဲတာတွေ လုပ်နေတဲ့အတွက် မြန်မာစစ်အစိုးရကို ကျနော်တို့ ရှုတ်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ လည်း တောင်းဆိုပါတယ်။

“ပြီးခဲ့တဲ့ ဧပြီလ မြန်မာစစ်အစိုးရအပေါ် အီးယူဘက်က အရေးယူပိတ်ဆို့မှုတွေ သက်တမ်းတိုးခဲ့တဲ့အချိန် မြန်မာနိုင်ငံ အတွင်း အခြေအနေကို မူတည်ပြီး အရေးယူမှုကို ပြန်ပြင်ဆင်တာ၊ ဒါမှမဟုတ် ပိုပြီး အားဖြည့်တာတွေ လုပ်မယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ အခု ပိုပြီးအားကောင်းအောင် ဖြည့်ဆည်းဖို့ အဆိုပြုချက်တွေ တင်ပြဖို့ တောင်းဆိုချင် ပါတယ်။ မြန်မာနိုင်ငံ ပြောင်းလဲရေးမှာ အာရှနိုင်ငံတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်” လို့ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျန် ကိုဟော့တ် ပြောဆိုသွားတာပါ။

မေလ ၁၈ ရက်နေ့ တနင်္လာနေ့ ရန်ကုန်မှာ လုံခြုံရေးအစောင့်အကြပ်တွေ ထူထူထပ်ထပ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးတဲ့အချိန် အီးယူ ဥရောပနိုင်ငံအရာရှိတွေ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေး ခေါင်းချင်းရိုက် ဆွေးနွေးခဲ့ကြပါတယ်။

ပိုပြီးပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ စီစဉ်နေပြီလို့ ပြောတဲ့သူက အီးယူဥရောပနိုင်ငံတွေရဲ့ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ဂျာဗီးယား ဆိုလားနား (Javier Solana) ပါ။

“ခင်ဗျားတို့အားလုံး တွေးမိသလိုပါပဲ။ အရေးယူပိတ်ဆို့မှုကို လျှော့ချဖို့ ကျနော်တို့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ အခြေအနေကို ကျနော်တို့ သုံးသပ်ကြပါတယ်။ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုကို လျှော့ချဖို့ ဆွေးနွေးတာမျိုး မရှိပါဘူး။ တခြားစီပါ။”

မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ သံတမန်ရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို အရင်ကတည်းကလည်း အီးယူ ဥရောပ နိုင်ငံတွေက သတ်မှတ်ပြဋ္ဌာန်းခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့မိသားစုနဲ့ စစ်အစိုးရနဲ့ အဓိက စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေကို ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေပါ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်ခါနီးအချိန်မှာ အခုလို စစ်အစိုးရဘက်က အင်းစိန်ထောင်ကို ပြောင်းပြီး ရုံးတင်တရားစွဲခဲ့တာကြောင့် ဒါဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ပိုပြီး ဆိုးဝါးလာတာလို့ အီးယူ ဘက်က သတ်မှတ်ပါတယ်။ ဒါကြောင့်လည်း အခုလို မြန်မာနိုင်ငံအပေါ် ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူရေး ဆွေးနွေးလာ ကြတာ ဖြစ်ပါတယ်။ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျန် ကိုဟော့တ်က အခုလို သတင်းထောက်တွေကို ပြောပါတယ်။

“အရေးယူပိတ်ဆို့မှုတွေကို ပိုပြီးတော့ အားဖြည့်ဖို့၊ ပိုတိုးဖို့ ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့လည်း ပထမဆုံး အချက် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုတာပါ။”

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ စစ်အစိုးရအပေါ် တကယ်တမ်း မြန်မာစစ်အစိုးရကို ဒီမိုကရေစီရေး အတွက် ပြောင်းလဲလာအောင် နားချနိုင်ပါ့မလားလို့ မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံ ကို ပြောင်းလဲအောင် လုပ်နိုင်မယ့်၊ တိုက်တွန်းနိုင်မယ့် နိုင်ငံတွေဟာ အာရှနိုင်ငံတွေသာဖြစ်တယ်လို့မြင်တဲ့ အီးယူအရာရှိ တွေလည်း ရှိနေပါတယ်။ ဆွီဒင်နိုင်ငံဝန်ကြီးချုပ် ကားလ် ဘီလ်လစ်ဒ် (Carl Bilidt) က အခုလို ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြဿနာက ဥရောပအဖွဲ့ဝင် နိုင်ငံတွေ ဘက်က အရေးယူပိတ်ဆို့နိုင်တဲ့ နည်းလမ်းအားလုံးနဲ့ အရေးယူသလိုမျိုး ဖြစ်နေပါတယ်။ ကျနော်တို့နဲ့ မြန်မာစစ်အစိုးရ အကြား ဆက်ဆံရေးက မရှိသလောက် နည်းပါးပါတယ်။ ဒါကြောင့်လည်း တနည်းအားဖြင့် ရှုပ်ထွေးမှုတွေ ရှိနေတာပါ။ ဒေသတွင်းမှာရှိတဲ့ အခြားနိုင်ငံတွေနဲ့ ကျနော်တို့ ထိတွေ့ ဆက်ဆံပါ့မယ်။ ဒီနည်းလမ်းက မြန်မာနိုင်ငံအပေါ် သြဇာ သက်ရောက်မှု ရှိနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအပေါ် သြဇာသက်ရောက်မှုရှိအောင် ကြိုးစားရာမှာ အရေးယူပိတ်ဆို့မှု နည်းလမ်းတွေထက် ထိတွေ့ ဆက်ဆံ ရေးမူက ပိုပြီးထိရောက်မယ်လို့ ပြောဆိုသူတွေလည်း အီးယူအကြားမှာ ရှိနေပါတယ်။ အီးယူ ဥရောပနိုင်ငံတွေရဲ့ နိုင်ငံခြား ဆက်ဆံရေး ကော်မရှင်နာမင်းကြီး ဘန်နီတာ ဖာရာရို ဝေါလ်ဒ်နာ (Benita Ferrero Waldner) ကတော့ အခုလို ပြောပါ တယ်။

“အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းတာက အလုပ်ဖြစ်အောင် အများကြီး လုပ်နိုင်မယ်လို့ ကျမတော့ မမြင်ပါဘူး။ ကျမတို့ လုပ်ဖို့လိုတာက မြန်မာ့အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို ပိုပြီး လုပ်ဖို့လိုတယ်။ သေချာတာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ သူတို့ ဖမ်းဆီးအကျဉ်းချထားတာမျိုးတွေ မလုပ်ဖို့ မြန်မာ စစ်အစိုးရ ကို ရှင်းရှင်းလင်းလင်း တောင်းဆိုရပါလိမ့်မယ်။”

ပြီးခဲ့တဲ့လကပဲ အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့သူတွေအပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်တာ၊ သူတို့ပိုင်ဆိုင်မှုတွေ အီးယူနိုင်ငံတွေမှာ ရှိခဲ့မယ်ဆိုရင် ထုတ်သွင်းလို့မရအောင် ထိန်းထားတဲ့ အရေးယူပိတ်ဆို့မှုကို နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့ပါတယ်။

အီးယူ ဥရောပနိုင်ငံတွေရဲ့ ကော်မရှင်အကြီးအကဲ ဂျို့စ် မန်နူယယ် ဘာရိုဆို (Jose Manuel Barroso) က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးတဲ့အပေါ်မှာ အထူးပဲ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။ မြန်မာ စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ချုပ်နှောင်ထားမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားဖို့ မြန်မာစစ်အစိုးရကို သတိပေး ပြောဆို နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG