သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံနဲ့ တရုတ် သဘောထား ထုတ်ပြန်


မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နိုင်အောင် တွေ့ဆုံ
ဆွေးနွေး အဖြေရှာဖို့ တရုတ်နိုင်ငံက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင်မှာ
ချုပ်နှောင်ပြီး တရားစွဲဆိုနေတဲ့အချိန်မှာ တရုတ်ဘက်က သဘောထား ထုတ်ပြန်
ပြောဆိုလိုက်တာပါ။ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေကတော့ တာဝန်သိတဲ့
အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စစ်အစိုးရကို
တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေအကြောင်း
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျဉ်းချပြီး
တရားစွဲဆိုနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ စစ်အစိုးရအပေါ်
ရှုတ်ချပြောဆိုနေတာတွေ ကြားနေရတဲ့အချိန် တရုတ်နိုင်ငံကလည်း သူ့သဘောထား
ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ အရေးကိစ္စဟာ
မြန်မာ့ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကိုတော့ ထပ်ပြီး အခိုင်အမာ
ပြောသွားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာကျောက်စူး (Ma Zhaoxu) က
မေလ ၁၉ ရက် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊
တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို တွေ့ဆုံဆွေးနွေး အဖြေရှာပြီး တည်ဆောက်နိုင်မယ်လို့
မျှော်လင့်တဲ့အကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
မာကျောက်စူး ပြောဆိုသွားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရအပေါ် တစုံတရာ ပြစ်တင်ဝေဖန်တာမျိုးတွေ
မရှိပေမယ့်လည်း အိမ်နီချင်း ထိုင်းနိုင်ငံ အပါအ၀င် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက
တော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲဆိုထားတဲ့ အခြေအနေအပေါ်
စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မေလ ၁၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အာဆီယံ အလှည့်ကျသဘာပတိ ထိုင်းနိုင်ငံရဲ့
ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံဖို့၊
အချိန်မီ ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးဖို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေနဲ့
တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ တာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ လူ့အခွင့်အရေးကို လေးစား
လိုက်နာဖို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ကြေညာချက်မှာ ဖော်ပြပါ
တယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ကို
ဆက်ပြီးကျင့်သုံးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit
Vejjajiva) က သတင်းထောက်တွေကို ဆက်ပြီးပြောပြပါတယ်။

“မြန်မာစစ်အစိုးရက သူတို့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တိုးတက်မှုတွေ
လုပ်ဆောင်တာကို ကျနော်တို့က မြင်ချင်တာပါ။ နိုင်ငံရေးဖြစ်စဉ်တွေမှာ အများပါဝင်
နိုင်အောင် သေချာဖို့လိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်
ခဲ့တာတွေအပေါ် ကျနော်တို့က စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း စိုးရိမ်တဲ့အကြောင်း
ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောဆိုတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ်
ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေးမူကို
ဆက်ပြီး ကျင့်သုံးသွားမှာပါ။ ကျနော်တို့ဘက်က ကူညီလုပ်ပေးနိုင်တာတွေကို
လုပ်ပေးသွားမှာပါ။”

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမူကို
ဆက်ကျင့်သုံးသွားမယ်၊ တရုတ်နိုင်ငံကလည်း မြန်မာ့အရေးဟာ မြန်မာရဲ့ ပြည်တွင်း
ရေးသာဖြစ်တယ်လို့ ပြောပေမယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့
ကြေညာချက်ထဲမှာ ဖော်ပြထားချက်တခုကတော့ အခုဆိုရင် နိုင်ငံတကာ အသိုင်း
အ၀န်းကြားမှာ လက်ရှိအခြေအနေအရ မြန်မာအစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာနိုင်ငံ
အပေါ် အများယုံကြည်မှုကို ထိခိုက်နိုင်တဲ့ အခြေအနေကို ရောက်နေပြီဆိုပြီး
ထိုင်းနိုင်ငံက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လေ့လာသူတွေကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ချုပ်နှောင်လိုက်
တဲ့အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားတဲ့ မူဝါဒကို ပြန်ပြီးသုံးသပ်မယ်လို့
ပြောဆိုထားတဲ့ အမေရိကန်ပြည်ထောင်စုကို အရင်မူတွေအတိုင်းပဲ အရေးယူပိတ်ဆို့
ဖို့ စစ်အစိုးရကိုယ်တိုင် အဆိုပြုလိုက်သလို ဖြစ်သွားတယ်လို့ သုံးသပ်ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly)
ကလည်း မေလ ၁၈ ရက် တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအတွင်း
ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုက မူဝါဒပြောင်းလဲရေး
အတွက် စဉ်းစားလာနိုင်ဖို့ အထောက်အကူမဖြစ်တာ အသေအချာပါပဲလို့ ပြောဆိုပါ
တယ်။

အခုဆိုရင် အီးယူ ဥရောပအဖွဲ့ဝင် နိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်
တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြဋ္ဌာန်းဖို့ စဉ်းစားနေပါတယ်။ အီးယူ ဥရောပနိုင်ငံတွေရဲ့
ကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူယယ် ဘာရိုဆို (Jose Manuel Barroso) က
တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးချုပ်နှောင်ထားမယ်ဆိုရင် မြန်မာနိုင်ငံ
အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲ
အကျိုးဆက်တွေကို စစ်အစိုးရက ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ သတိပေး ပြောဆို
နေပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးဆက်တွေကို
မစဉ်းစားရင်တောင် နိုင်ငံတကာအကြားမှာ ဂုဏ်သိက္ခာနဲ့အညီ ပြန်လည်ပါဝင်နိုင်ခွင့်နဲ့
ဒေသတွင်းနိုင်ငံတွေအကြား လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်
ခွင့်ကို လက်လွှတ်ရနိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေအိမ်အကျယ်ချုပ်
က လွတ်မြောက်နိုင်မယ့် အခြေအနေ ဆုံးရှုံးရတော့မလို ဖြစ်နေတဲ့အချိန် စစ်အစိုးရ
အနေနဲ့လည်း နိုင်ငံတကာအသိုင်းအ၀န်းရဲ့ ဖိအားတွေ လျော့နိုင်ခြေကို လက်လွှတ်ရ
လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG