သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားခွင် စစ်ဆေးမှု အများပြည်သူ ကြားနာခွင့် အမေရိကန် တောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်တွေက
တရားစွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို အမေရိကန်ပြည်ထောင်စု အစိုးရနဲ့
အမေရိကန် လွှတ်တော်အမတ်တွေကပါ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့ တရားခွင်ကို အများပြည်သူသိရှိအောင်
ဖွင့်ပေးပါလို့လည်း အမေရိကန်အစိုးရက တောင်းဆိုပါတယ်။ အကြောင်းစုံကို
စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော (John Yettaw) တို့
အပေါ် စွဲဆိုထားတဲ့ တရားခွင်ကို အမေရိကန် အစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေ
တယ်လို့ ပြောရမှာပါ။ ဒီတရားခွင်ကို အများပြည်သူ သိရှိနိုင်အောင် ဖွင့်ပေးသင့်တယ်
လို့လည်း အမေရိကန်အစိုးရက မြန်မာအာဏာပိုင်တွေကို တောင်းဆိုနေပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုဟာ သူမကို ထပ်ပြီး ဖမ်းဆီး
ထိန်းသိမ်းထားနိုင်ဖို့ အကြောင်းပြချက်ပဲဖြစ်တယ်လို့ အမေရိကန်အစိုးရအနေနဲ့
ယုံကြည်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ
(Ian Kelly) က ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုစွဲဆိုထားတဲ့ စွဲချက်တွေအပေါ် ကျနော်တို့ အလွန်တရာ
စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း
ထပ်တိုးဖို့၊ ဒါမှမဟုတ် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ဖို့အထိတောင် ပြင်ဆင်တဲ့
အကြောင်းပြချက်တခုအနေနဲ့ ဒီစွဲချက်တွေကို အသုံးချတာပါ။ မစ္စတာယက်ထောကိစ္စ
နဲ့ ပတ်သက်လို့တော့ ကျနော်လည်း ရှေ့နေမဟုတ်တော့ သူ့အပေါ်တင်ထားတဲ့ စွဲချက်
မျိုးနဲ့ ပတ်သက်လို့ မှတ်ချက်မပေးနိုင်ပါဘူး။ ဒါပေမယ့်လည်း တရားရုံးတင် စစ်ဆေး
တာ မှန်သမျှကို မြန်မာအာဏာပိုင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူ
နားလည်သိရှိနိုင်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။”

မနေ့ကကြားနာမှုကိုတော့ ရန်ကုန် အမေရိကန်သံရုံး တာဝန်ရှိသူတဦး ဝင်ရောက်
လေ့လာနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောရဲ့ ကျန်းမာရေး၊ လူမှုရေး
ကိစ္စတွေအတွက် ကူညီဆောင်ရွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောတို့ စွဲချက်တင်ထားတဲ့
တရားခွင်ကို အမေရိကန်သံရုံး တာဝန်ရှိသူတဦး ဝင်ရောက်ပြီး လေ့လာကြားနာခဲ့ပါ
တယ်။ မစ္စတာယက်ထောကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဆက်နွယ်နေတဲ့
နိုင်ငံတော်လုံခြုံရေးအတွက် တားမြစ်ထားတဲ့နေရာကို ဖြတ်ကျော်ဝင်ရောက်မှုနဲ့
တရားစွဲတာပါ။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကတော့ မစ္စတာယက်ထော အမှု
ကိစ္စ၊ သူ့ကျန်းမာရေး၊ လူမှုရေး အစစအရာရာအတွက် စိုးရိမ်တကြီး စောင့်ကြည့်နေ
ပါတယ်။”

အမေရိကန်အစိုးရအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရက
ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး
ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခု မြန်မာနိုင်ငံအခြေအနေအတွက်
အမေရိကန်အစိုးရအနေနဲ့ ထောင့်ပေါင်းစုံက ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အခုကိစ္စနဲ့ပတ်သက်ပြီး အာဆီယံ
အတွင်းရေးမှူးချုပ်ကို ဆွေးနွေးပြောထားသလိုပဲ အခြား ဒေသတွင်းခေါင်းဆောင်တွေနဲ့
လည်း ပြောဆိုဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရား
စွဲဆိုတဲ့ အခြေအနေအပေါ်မှာ အမေရိကန်အစိုးရပိုင်းတင်မက အမေရိကန် လွှတ်တော်
မှာပါ အတော်လေး စိတ်ဝင်တစား စိုးရိမ်တကြီး ရှိကြတယ်လို့ ရီပတ်ဘလစ်ကန်
အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နဲလ် (Mitch McConnell) ကလည်း
ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ သူ့လုပ်ရပ်တွေဟာ တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေကို
အတော်လေး စိတ်အနှောင့်အယှက် ပေးနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။
ဒီအခြေအနေတွေဟာ အမေရိကန် အစိုးရအဖွဲ့အသစ်ထဲမှာတင် မကပါဘူး၊
ဗမာပြည်သူတွေဘက်က အခိုင်အမာ ထောက်ခံထားတဲ့ အမေရိကန် လွှတ်တော်ထဲ
အထိပါ ဂယက်ရိုက်ခတ်မှု ရှိပါတယ်။ ကျနော်နဲ့အတူ လွှတ်တော်နှစ်ရပ်လုံးက
အမတ်မင်းတွေဟာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို စိုးရိမ်တကြီး၊
စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။”

အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်ပြီး သုံးသပ်နေဆဲ
ရှိပေမယ့် သောကြာနေ့ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု
ဥပဒေကို နောက်ထပ် တနှစ်သက်တမ်း သမ္မတ အိုဘားမားက တိုးလိုက်ပါတယ်။
အမေရိကန်လွှတ်တော်ဘက်ကတော့ သမ္မတအိုဘားမားရဲ့ မြန်မာ့အရေး ချဉ်းကပ်
ကိုင်တွယ်မှုတွေအပေါ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်လို့ အထက်
လွှတ်တော်အမတ် မစ်ချ် မက်ကော်နဲလ်က ပြောပါတယ်။

“မြန်မာအစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်အရေးယူမှု နောက်တနှစ်
သက်တမ်းတိုးလိုက်တဲ့ သမ္မတအိုဘားမား အစိုးရရဲ့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ချက်
ဟာ မှန်ကန်တယ်လို့ ကျနော့်အနေနဲ့ သြဘာပေး ထောက်ခံပါတယ်။ အစိုးရအဖွဲ့
အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ပြီးတာနဲ့ အစိုးရအဖွဲ့နဲ့အတူ မြန်မာ့
အရေးတွေ အတူတကွ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”

အမေရိကန်အစိုးရအနေနဲ့တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးယူဒဏ်ခတ်မှု
ဆိုတဲ့ နည်းလမ်းအပါအဝင် နည်းလမ်းအားလုံးကို စဉ်းစားနေတယ်လို့ နိုင်ငံခြားရေး
ဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ အသေးစိတ်
ထုတ်ဖော်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို အမေရိကန်အစိုးရက
မြန်မာ့အရေး မူဝါဒ ပြန်ပြီးသုံးသပ်နေတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စ
ဖြစ်လာတာဟာ မူဝါဒ ပြန်လည်စဉ်းစား သုံးသပ်မှုမှာ ထည့်သွင်းပါလာမယ့်အချက်
ဆိုတာကတော့ သေချာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG