သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင် တရားခွင် ဒုတိယနေ့ တရားလိုပြသက်သေ ၅ ဦး စစ်ဆေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး တရားရုံးတင်စစ်ဆေးနေတဲ့အပေါ် ပြည်တွင်း ပြည်ပ က ဝေဖန်ကန့်ကွက်နေတဲ့ကြားကပဲ ဒီကနေ့ ဒုတိယနေ့အဖြစ် ကြားနာမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရန်ကုန် အင်းစိန် ထောင်တွင်း အထူးတရားခွင်ရဲ့ ကြားနာမှုအတွင်း သက်သေခံအဖြစ် ရဲအရာရှိကြီးတဦးက ထွက်ဆိုတာတွေ လုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ တရားခွင်အခြေအနေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်တားဆီးမိန့် ထုတ်ထားတာကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုံးတင် စစ်ဆေးမှုတွေ ဒုတိယနေ့အဖြစ် ဆက်ပြီးကြားနာတဲ့နေရာမှာ အင်းစိန် စီအိုင်ဒီ မှုခင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မောင်မောင်ခင် အပါအဝင် တရားလိုသက်သေ ၅ ယောက်က အမှုနဲ့ပတ်သက်လို့ ထွက်ဆိုခဲ့ကြတာပါ။ ရန်ကုန် အင်းစိန် ထောင်တွင်း အထူးတရားရုံးတခုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ သူတို့ပါဝင် ပတ်သက် သမျှ အထောက်အထား သက်သေတွေနဲ့ ရုံးတော်မှာ ထွက်ဆိုခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် တွေက ပြောပါတယ်။ ဒီအထဲက ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို တရားခွင် ဒုတိယနေ့ ကြားနာမှုတွေနဲ့ ပတ်သက်လို့ မေးကြည့်ပါတယ်။

“ဒီနေ့တရားခွင်က သက်သေ ၅ ယောက်တောင်မှ စစ်ပါတယ်။ ၅ ယောက်မှာ ရဲက ၄ ယောက်၊ ရယက ဥက္ကဋ္ဌ ၁ ယောက်၊ သူက မစ္စတာယက်ထောဆီက ပစ္စည်းတွေကို ရဲက သိမ်းဆည်းတဲ့နေရာမှာ သက်သေလုပ်တယ်၊ သက်သေအဖြစ် လက်မှတ် ထိုးတယ်၊ ဒါပဲ။ ရဲ ၄ ယောက်မှာ ၂ ယောက်က မစ္စတာယက်ထောကို အင်းလျားကန်ထဲမှာ စတွေ့ပြီး ဖမ်းဆီးတဲ့ လူတွေ၊ မသင်္ကာလို့ ဖမ်းဆီးမေးမြန်းတဲ့လူတွေ။ နောက်ရဲတွေကတော့ သူ့ကိုလွှဲယူတဲ့ဌာနက၊ သတင်းတပ်ဖွဲ့က လူတွေ ပေါ့။ အားလုံး ၅ ယောက်စစ်ပါတယ်၊ ဒီနေ့။”

ကျနော်တို့ကြားတာ အင်းစိန် စီအိုင်ဒီက ရဲမှူးကြီးတယောက်လည်း ပါတယ်ဆိုတော့ သူကရော ဘယ်လိုပတ်သက်တာလဲ၊ စစ်ဆေးတဲ့အထဲမှာ။

“အင်းစိန်စီအိုင်ဒီက ရဲမှူးကြီးက ပထမ စုံစမ်းစစ်ဆေးမှုကို သူ့ကိုလုပ်ခိုင်းတယ်။ သူ စုံစမ်းစစ်ဆေးမှု လုပ်တယ်။ သူလုပ် နေတဲ့ တန်းလန်းမှာပဲ နောက်ထပ် စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ သူ့ကိုလွှဲခိုင်းလို့ သူ အဲဒီကိုလွှဲလိုက်တယ်။ သူလုပ်ခဲ့တဲ့၊ ဆောင်ရွက်ခဲ့တဲ့ဟာတွေကို လာပြောတာပဲ။”

အန်ကယ်တို့ဘက်ကရော ဒါနဲ့ပတ်သက်ပြီး ပြန်လှန်မေးခွန်းထုတ်စရာတွေ ဘာတွေ ရှိခဲ့သေးလား၊ ဒီနေ့။

“ဟုတ်ကဲ့၊ ကျနော်တို့ အဲဒီရဲမှူးတွေကို ထုတ်ပါတယ်။ နောက် ကျန်တဲ့ဟာတော့ မေးခွန်း သိပ်များများ မေးစရာလည်း မရှိ ဘူးဗျ။ ဥပမာ ပစ္စည်းသိမ်းတဲ့ရဲတို့၊ သက်သေအဖြစ် သိမ်းတဲ့ဆီမှာ လက်မှတ်ထိုးတာတွေကတော့ ကျနော်တို့ လုံး၀ မေးခွန်း မမေးဘူး။ မေးစရာလည်း မလိုဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦးနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး၊ ဒါက။”

ဒေါ်အောင်ဆန်းစုကြည် တရားခွင်ကိုလာတော့ ကျန်းမာရေးအခြေအနေ ဘယ်လို တွေ့ရလဲ။

“ကျန်းမာရေးအခြေအနေကတော့ ကျနော်တို့အမြင်အရ ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ ကျန်းမာရေးကောင်းကြောင်းကို ပြောပါလို့ မှာပါတယ်။ သူ့မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို တွေ့တဲ့အခါ
ကျန်းမာရေး ကောင်းကြောင်း ပြောပါတဲ့။ ကျနော်တို့အမြင်လည်း ကောင်းတယ်လို့ပဲ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က ထောင်တွင်း သူနေရတဲ့ အခြေအနေတွေရော အန်ကယ်တို့ကို ပြောပြသေးလား။

“တခု သူပြောပြပါတယ်။ သူ ဧည့်ရိပ်သာ အဆောက်အဦးတခုမှာ ဒေါ်ခင်ဝင်းတို့နဲ့အတူ နေရတယ်ဆိုတာရယ် အစားအသောက် အဆင်ပြေတယ်ဆိုတာရယ်၊ ဒါတော့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ရုံးချိန်းကိုတော့ မနက်ဖြန် ထပ်ပြီး ချိန်းဆိုလိုက်ပြီးတော့ တရားလိုဘက်က တင်သွင်းဖို့ရှိတဲ့ သက်သေ ၂၂ ယောက်ထဲက ကျန်လူတွေက ဆက်ပြီး ထွက်ဆိုသွားဖို့လည်း ရှိနေပါတယ်။ ဒီလို ထောင်တွင်းမှာ ကြားနာစစ်ဆေးမှုတွေ လုပ်နေချိန် ထောင်အနီးအနားက လမ်းတွေကို ပိတ်ဆို့တာတွေ အပါအဝင် လုံခြုံရေးတွေကလည်း ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်ပါ တယ်။ ဒါပေမယ့် အင်းစိန်မြို့ထဲက တချို့လမ်းတွေကိုတော့ ပြန်ဖွင့်ပေးလိုက်သလို အင်းစိန်မြို့မဈေးကိုလည်း ပြန်ဖွင့်ခွင့် ရခဲ့တာမို့ ဆိုင်တွေလည်း ပြန်ဖွင့်နေပါပြီ။ ဒါပေမယ့် လုံထိန်းတွေ၊ နောက် အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အနီးကပ် စောင့်ကြည့်တာတွေ ရှိနေတုန်းပဲလို့ တရားခွင်ကို လာပြီးစနည်းနာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တယောက်က ပြောပြပါတယ်။

“ကျနော်တို့ရောက်နေတဲ့နေရာက သူတို့ပိတ်ထားတဲ့ ဆေးရုံရှေ့ပေါ့၊ အဲဒီနားလေးမှာပါ။ အင်းစိန်မြို့မဈေးရဲ့ မျက်နှာချင်း ဆိုင်ပေါ့၊ ဒီဘက်ခြမ်းမှာ။ သူတို့က ဈေးအပေါ်ထပ်ကနေ စောင့်ကြည့်ပြီးတော့ ဓာတ်ပုံရိုက်တယ်၊ ဗွီဒီယိုရိုက်တယ်။ အရပ် ဝတ်တွေနဲ့ပဲ။ သူတို့ကတော့ ဘာမှတော့ အနှောင့်အယှက် လာမပေးဘူး။ ရဲကားတစီးတော့ ဒီနားမှာ Stand By ရှိနေ တယ်။ ၁၂ နာရီလောက်မှာ ဈေးရှေ့က ကျနော်တို့ ဒီဘက်ခြမ်းက ပလက်ဖောင်းပေါ်မှာ ထိုင်နေကြတဲ့လူတွေကို ရဲက လာပြီး ဖယ်ခိုင်းသွားတယ်။”

ဒီလို လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေအောက်မှာပဲ ထောင်နဲ့ချီတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင်တွေ အပါအဝင် သူ့ကိုထောက်ခံသူတွေကလည်း ထောင်အနီးအနားတဝိုက် မှာ ဒုတိယနေ့အဖြစ် ရောက်ရှိ စောင့်စားနေကြတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေရတာ သက်တမ်းကုန်ဆုံးကာနီးမှာ အခုလို နောက်ထပ် ထောင်ချခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အပေါ် သူ့ကို ထောက်ခံသူတွေက မကျေမနပ် ဖြစ်နေတာတွေလည်း ရှိနေကြတာပါ။ အထူးသဖြင့်ကတော့ တက်ကြွသူ
လူငယ်တွေကြားမှာ မခံချင်ဖြစ်တာတွေ ရှိနေတယ်ဆိုပြီး အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်က ပြောပြပါတယ်။

“ကျနော့်အတွေ့အကြုံရတော့ မနေ့က ညနေပိုင်း ၃ နာရီခွဲလောက်မှာ ကျနော်တို့ ထိုင်နေတဲ့နေရာကို လူငယ်တချို့ လာတယ်၊ အန်န်အယ်လ်ဒီလား တခြားလူငယ်တွေလားတော့ ကျနော်မသိပါဘူး။ လူငယ် လေးငါးဆယ်ယောက်လောက် လာပြီး အဘ ကျနော်တို့ ဒီလိုပဲ ပြန်ရတော့မှာလား၊ ဒီနေ့ ပြန်ရတော့မှာလားဆိုပြီး မေးတယ်။ သဘောကတော့ ကျုပ်တို့ ဘာမှမလုပ်ဘဲ ပြန်ရမှာလားဆိုတဲ့ မေးခွန်းပေါ့ဗျာ။ ကျနော်ကလည်း ပြောရ တော်တော်ခက်တာပေါ့။ အဲဒီလိုဟာ တွေ့ခဲ့ဖူး တယ်။ ဆိုလိုတာကတော့ လူငယ်တွေကြားထဲမှာ၊ လူတွေကြားထဲမှာ ဒီ Mood ရှိနေတာ ထင်ရှားတယ်။”

တရားခွင် ဒုတိယနေ့ အခြေအနေတွေကို အကဲခတ်ဖို့ အင်းစိန်ထောင် အနီးအနားကို ရောက်သွားတဲ့ အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင်ရဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG