သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ရုံးတင်စစ်ဆေးပွဲ တတိယနေ့ သံတမန်နဲ့ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတချို့ ခွင့်ပြု


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေးတာတွေ လုပ်နေတဲ့ တတိယနေ့ အဖြစ် ရန်ကုန် အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်းသမား တချို့ကို တက်ရောက် နားထောင်ခွင့်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ ရုံးတင်စစ်ဆေး အရေးယူဖို့ လုပ်နေတဲ့အတွက် ပြည်တွင်း ပြည်ပက ဝေဖန် ကန့်ကွက်သံတွေ တဖွဲဖွဲ ထွက်ပေါ် ေနေချိန်မှာပဲ အခုလို အာဏာပိုင်တွေက ခွင့်ပြုလိုက်တာပါ။ ဒီကနေ့ တရားခွင် အခြေအနေကို ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ရုံးတင် စစ်ဆေးမှုတွေ လုပ်နေတဲ့ တတိယမြောက်နေ့မှာ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ သတင်းထောက်တွေကို ခေါ်ပြီးတော့ တရားခွင်ကို ဝင်ပြီး အကဲခတ် ခွင့်ပေးမယ်ဆိုပြီး အာဏာပိုင်တွေက လက်ခံလိုက် တာပါ။ နိုင်ငံခြား သံရုံးတွေက ကိုယ်စားလှယ် ၃၀ လောက်နဲ့ ပြည်တွင်း သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းဌာနက စုစုပေါင်း စာနယ်ဇင်းသမား ၁၀ ယောက်ကို ရန်ကုန် အင်းစိန်ထောင် အထူးတရားခွင်ကို နေ့လယ်ပိုင်းမှာ ဝင်ခွင့် ပေးလိုက် တာပါ။ ဒီလို သံတမန်တွေ စာနယ်ဇင်းသမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တယ်ဆိုပေမဲ့ နီးနီးကပ်ကပ် ပြောဆိုခွင့် မျိုးတော့ မရခဲ့ဘူးလို့လည်း တရားခွင်မှာ ဥပဒေ အကျိုးဆောင် လုပ်ပေးနေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောပါတယ်။

"မနက်ပိုင်းမှာ စစ်တာ ၁၂ နာရီ လောက်မှာ ပြီးပါတယ်။ ၁၂နာရီနဲ့ ၁နာရီကြားမှာ နားတယ်။ အနားယူချိန် ၁၂နာရီခွဲ လောက်ကျတော့ သံတမန် ၃၀လောက် ရောက်လာကြတယ်။ သတင်းသမားက ပြည်တွင်း ၅ယောက်၊ နိုင်ငံခြား သတင်းသမား ၅ယောက် ရောက်လာတယ်လို့ ကျွန်တော် သိရတယ်။ သူတို့က ညနေပိုင်းကို ၁နာရီမှာ ပြန်စတယ်။ နောက် သက်သေ တယောက် စစ်ပါတယ်။ မနက်ပိုင်း တယောက်၊ ညနေပိုင်း တယောက် စစ်ပါတယ်။ အဲဒီ တယောက်ကတော့ အပြီးတော့ မဟုတ်ဘူး၊ တဝက်ပဲ။ ၂နာရီလောက်အထိ စစ်ပြီးတော့ ရုံးချိန်း ချိန်းလိုက်တယ်။ ပြောပြရရင် အကြောင်းအရာ က ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေကို နှုတ်ဆက်ချင်တယ်။ သံတမန် ရှိတဲ့ နေရာနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုင်တဲ့နေရာနဲ့က ပေ ၂၀ ကျော် လောက်ရှိမယ်။ နှုတ်ဆက်ဖို့လည်း သက်ဆိုင်ရာက တာဝန်ရှိသူတွေကို ကျွန်တော်တို့ တင်ပြတယ်။ တင်ပြတော့ နောက်ဆုံး စစ်ပြီးသွားတဲ့အချိန်အထိ အဲဒီ အဖြေက မရ။ မရတော့ ဒေါ်အောင်ဆန်းစုကြည်က အဝေးကပဲ တယောက်ချင်း နှုတ်ဆက်ချင်ပေမဲ့ နှုတ်ဆက်ခွင့်မရတဲ့အတွက် အဝေးကပဲ နှုတ်ဆက်တယ်။ ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း အဲဒီလောက်ပဲ ပြောပြီးတော့ ပြန်သွားတယ်။"

အောင်လွင်ဦး။ ။ သံအမတ်ကြီး တချို့နဲ့လည်း တွေ့တယ် ကြားတယ်ခင်ဗျ။

ဦးဉာဏ်ဝင်း။ ။ ကျွန်တော်တို့ ကြားတာက သံတမန်များ နာယက စင်္ကာပူ၊ ရုရှားနဲ့ ထိုင်း သံ ၃ယောက်နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ပေးဖို့ အစီအစဉ် ရှိတယ်လို့ ကျွန်တော်တို့ ကြားတယ်။ တိတိကျကျတော့ ကျွန်တော် မသိဘူး။ အဲဒီလိုပဲ ကြားပါတယ်။

အောင်လွင်ဦး။ ။ ဒီနေ့ သံတမန်တွေကို ခေါ်ပြတယ်ဆိုတော့ စစ်ဆေးတဲ့ သက်သေတွေက အရေးပါတဲ့ သက်သေတွေလား ခင်ဗျ။

ဦးဉာဏ်ဝင်း။ ။ ဒီနေ့ သက်သေ ၂ယောက်က ကျွန်တော်တို့ ရှေ့နေအနေနဲ့ ပြောရရင် ပုံမှန် သက်သေတွေပဲလေ။ အမှုအတွက် အခရာကျတဲ့ ပုဂ္ဂိုလ်တွေတော့ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် တဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူ တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ ဒီကနေ့ စစ်ဆေးမှုတွေမှာတော့ တရားလို သက်သေ ၂ ယောက်ကိုသာ စစ်ဆေးနိုင်ခဲ့ပြီး မနက်ဖြန်အတွက် ရုံးချိန်း ပြန်ချိန်း လိုက်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အပေါ် ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အခုလို တရားရုံးတင် စစ်ဆေးတာတွေ လုပ်နေတဲ့ နေရာမှာ အစောပိုင်းတွေတုန်းက နိုင်ငံခြား သံရုံးတွေက ဝင်ရောက်ခွင့် တောင်းခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းထဲကို တိတ်တဆိတ်ရေကူး ဝင်လာတယ်ဆိုတဲ့ အမေရိကန် နိုင်ငံသားတဦး ပါဝင် ပတ်သက်နေတဲ့ အတွက်သာ အမေရိကန် သံရုံးကိုပဲ ဝင်ခွင့်ပေးထားတာပါ။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ကလည်း အများပြည်သူ ရှေ့မှောက် ကြားနာဖို့ တောင်းဆိုတာတွေကို လက်မခံခဲ့ တာတွေ ရှိခဲ့ရာက အခုက တမူထူးခြား ပြီး ခွင့်ပြုလိုက်တာပါ။

ဒါပေမဲ့ ဒီလို ဝင်ရောက် အကဲခတ်ခွင့်ဟာ နောက်ပိုင်း တရားခွင်တွေမှာရော ဆက်ပြီး ခွင့်ပြုသွားမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ စာနယ်ဇင်း သမားတွေက ပြောပါတယ်။ ဒီလို အခြေအနေမှာ အခုလို ခွင့်ပြုလိုက်တာ ဟာ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ရှိနေတာကို ရှောင်ရှားနိုင်ဖို့ တရားခွင်ဟာ လွတ်လပ်ပွင့်လင်းမှု ရှိတဲ့သဘော ပြချင် တဲ့အတွက် ခွင့်ပြုလိုက်တာလို့လည်း တွက်ဆနေကြတာပါ။ ဒါကြောင့်လည်း အများပြည်သူ ကြားနာနိုင်တဲ့ တရားခွင်မှာ စစ်ဆေးဖို့ဆိုပြီး အန်အယ်လ်ဒီ က ကြေငြာချက် တစောင်ထုတ်ပြီး ဒီကနေ့ပဲ တောင်းဆို လိုက်ပါသေးတယ်။ ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြတာကတော့ အခုလို သံတမန်တွေ၊ စာနယ်ဇင်းသမားတွေကို ပြသရုံနဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ ထင်မြင်ချက်က ဒေါ်စုအမှုကို တွန်းပြီးတော့ စစ်နေတယ်လို့ ယူဆတယ်။ နောက်တခါ ဒီသံတမန်တွေ ဝင်လာခြင်းဟာလည်း သံတမန်တွေကို တွေ့ခွင့်ပေးတာကိုလည်း ကျွန်တော်တို့ တောင်းဆိုနေတဲ့ open court ဆိုတဲ့ သဘော မဟုတ်ဘူးလို့ ကျွန်တော်က ထင်တယ်။ ဥပမာ လက်နက်ချပွဲတို့ ဘာတို့ ကို သံတမန်တွေကို ခေါ်ပြသလို ဒါပဲ ဖြစ်ဖို့များတယ်။ ကျွန်တော်က အဲဒီလိုပဲ ယူဆတယ်။"

ရန်ကုန်အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကို ရုံးထုတ်စစ်ဆေးနေတဲ့ တတိယနေ့မှာ လုံခြုံရေး အစောင့်အကြပ် တွေကလည်း တင်းတင်းကျပ်ကျပ် ချထားဆဲပါ။ သူ့ရဲ့ပါတီဝင်တွေ အပါအဝင်၊ ထောက်ခံကြတဲ့ သူတွေကလည်း အတားအဆီးတွေကြားက ရောက်လာကြတုန်းဆိုပေမဲ့ ပထမ ရက်တွေထက်တော့ အရည်အတွက် လျော့လာတယ်လို့ တွေ့ခဲ့တဲ့ မျက်မြင်တွေက ပြောပြကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG