သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ၄ရက်မြောက် တရားခွင် သံတမန်မပါ၊ မီဒီယာ တက်ခွင့်မရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေတာ ၄ရက်မြောက်နေ့ အဖြစ် နောက်ထပ် တရားလို သက်သေတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မနေ့တုန်းကလို သံတမန်တွေ၊
စာနယ်ဇင်းသမားတွေတော့ အင်းစိန်ထောင်တွင်း အထူးတရားခွင်ကို တက်ရောက်ခွင့် မရှိတော့ပါဘူး။ တရားခွင်က နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားခွင်တခုမှာ ရုံးတင်စစ်ဆေးတာ ၄ရက်မြောက်နေ့ မှာတော့ ရဲအရာရှိ ၂ ဦး အပါအဝင် တရားလိုသက်သေ ၄ ယောက်နဲ့ မနေ့တုန်းက စစ်လက်စ ရဲအရာရှိတယောက်တို့က အစစ်ခံပါတယ်။ မနက် ၁၀ နာရီလောက်က စတဲ့ တရားခွင်က ဒီနေ့ကတော့ ညနေအတော်စောင်းတဲ့အထိ ကြာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ဦးကြည်ဝင်းကတော့ သက်သေအစစ်ခံနေတာတွေနဲ့ ပြန်လှန်မေးခွန်းတွေ ရှိနေလို့ အချိန်ခါတိုင်းထက် ပိုကြာသွားတာလို့ စောစောလေးကမှ ရန်ကုန် အင်းစိန်ထောင်ကနေ နေအိမ်ကို ပြန်ရောက် လာချိန်မှာ ဆက်သွယ်မေးမြန်းတော့ ပြောပြပါတယ်။

“တရားလိုပြသက်သေကလည်း စစ်တာ ၄ ယောက်ခွဲ ဆိုပါစို့။ ၄ ယောက်ခွဲဆိုတော့ မနေ့က တပိုင်းတစ စစ်ထားတဲ့ သက်သေ။ တနည်းအားဖြင့်ပြောရင် အဓိကစစ်ချက်ပြီးပေမဲ့ ပြန်လှန်မေး မလုပ်ရသေးတဲ့သက်သေ၊ အဲတော့ ဒီနေ့ ပြန်လှန်စစ်မေးချက်တွေ လုပ်တယ်။ အဲဒါကတပိုင်း။ နောက်သက်သေ ၄ ယောက် စစ်တယ်။ အဲဒီသက်သေ ၄ ယောက် ထဲမှာလည်း သတင်းတပ်ဖွဲ့က၊ သူက ဘာပြလဲဆိုတော့ ဗွီဒီယိုကင်မရာသိမ်းတာနဲ့ အဲဒီကင်မရာထဲမှာ ရိုက်ထားတဲ့ ဟာတွေက ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းက ဗိုလ်ချုပ်အောင်ဆန်းပုံကအစ ဧည့်ခန်းပုံတို့ ဘာတို့ညာတို့ အစုံရိုက်ထား
တယ်။ အဲဒါတွေကို Laptop နဲ့ Screen တွေဘာတွေ ချိတ်ပြီးတော့ ပြတယ်။ ဒါတွေက သူ့ကို အိမ်မှာ တည်းခွင့်ပေးတယ် ဆိုတာ ဒေါ်စုက ငြင်းမှ မငြင်းဘဲ။ ငြင်းစရာ မလိုဘူး။ အိမ်ကို လာတယ်၊ ရောက်တယ်။ အခုပြတဲ့ဟာတွေက ဒီအိမ်ကို ရောက်တယ်ဆိုတဲ့ အထောက်အထားတွေ၊ ရောက်ကြောင်း အထောက်အထားတွေ။”

ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်နေတာ ၄ ရက်ရှိသွားပြီဆိုတော့ အခုအနေအထားအထိ အမှုသွား အမှုလာမှာ အစိုးရဘက်က တင်ပြထားတဲ့ အကြောင်းအရာတွေက ဘယ်လိုတွေ့ရလဲ၊ ခိုင်ခိုင်မာမာရှိပြီလား။

“ကျနော်တို့မြင်တာတော့ တကယ့်စွပ်စွဲထားတဲ့ဟာက စည်းကမ်းဖောက်တယ်၊ တားဆီးချက်ဖောက်တယ် ဆိုတဲ့ဟာ။ ဒါက မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်တားဆီးထားတဲ့အမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုံးတင်စစ်ဆေးနေတဲ့ ၄ ရက် မြောက် တရားခွင်အခြေအနေတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးကြည်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ ရုံးချိန်းရက်ကိုတော့ မနက်ဖြန်ပြန်ချိန်းလိုက်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဒီနေ့တရားခွင်မှာတော့ အမေရိကန်နိုင်ငံသားတယောက် ပါဝင်ပတ်သက်နေတဲ့အမှုဖြစ်တဲ့အတွက် သူ့သံရုံးက ဝင်ခွင့်ရ တာကလွဲလို့ မနေ့တုန်းကလိုတော့ သံတမန်တွေ၊ စာနယ်ဇင်းသမားတွေ ဝင်ခွင့်မရတော့ပါဘူး။

ထောင်အနီးပတ်ဝန်းကျင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် တွေ အပါအဝင် ထောင်ဂဏန်းလောက်ရှိတဲ့ သူ့ကို ထောက်ခံအားပေးသူတွေ ဒီနေ့လည်း ရောက်လာကြပါတယ်။ ညနေပိုင်းအထိ စစ်ဆေးမှုတွေ ကြာလာတာနဲ့အမျှ လာပြီးအကဲခတ်သူတွေလည်း ပိုပြီးများလာတယ် ဆိုပြီးတော့ မျက်မြင် တွေ့ခဲ့ကြသူတွေက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကလည်း လမ်းတွေကို ပိတ်ဆို့တားဆီးပြီး အသွားအလာတွေကို လည်း ကန့်သတ်ထားဆဲပါပဲ။ ဒါပေမဲ့ တစုံတရာ ပြဿနာတက်တယ်ဆိုတာမျိုး၊ အဖမ်းအဆီးရှိတယ်ဆိုတာမျိုး စတဲ့ သတင်း တွေတော့ မကြားရပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG