သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်ဆန့်ကျင် ကျူးလွန်မှု ICC က စစ်ဖို့တောင်းဆိုနေ


မြန်မာစစ်အစိုးရက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့
ရာဇဝတ်မှုတွေအတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အပြစ်ပေး အရေးယူဖို့ နိုင်ငံ
တကာက တောင်းဆိုလှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေကြပါပြီ။ စစ်အစိုးရ
က ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင်မှာ အထူးခုံရုံးတင် စစ်ဆေး
နေတဲ့လုပ်ရပ်က တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ နိုင်ငံတကာက ဝိုင်းဝန်းပြောဆို
နေကြတဲ့အချိန်မှာ စစ်အစိုးရကို ICC က အပြစ်ပေး အရေးယူပေးဖို့ တောင်းဆိုမှုတွေ
တိုးမြင့်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေး
ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ သောကြာနေ့တုန်းကပဲ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ရုံးတင် စစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ သမ္မတ ရာမို့စ် ဟော်တာ မတောင်းဆိုခင် ဒီအရင်ကလည်း စစ်အစိုးရက နှစ်ပေါင်းများ စွာ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက အပြစ်ပေး အရေးယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေခဲ့ကြတာတော့ ကြာပါပြီ။ စစ်အစိုးရက အခုလိုကျူးလွန်နေတဲ့
ရာဇဝတ်မှုတွေကို စုဆောင်းပြီး ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြနေတာတွေ ရှိပါတယ်။

မဆန်းရှာဖောင်ဟာ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီက စစ်အစိုးရကို ICC ခုံရုံး တင်နိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ လုပ်ငန်းတာဝန်ခံတဦး ဖြစ်ပါတယ်။ သူမက စစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ICC ခုံရုံးတင် တရားစွဲဆိုဖို့ လုပ်ဆောင်နေတာဟာ စိတ်ကူးယဉ်ဆန်တဲ့ လုပ်ရပ်မဟုတ်ဘဲ စစ်အစိုးရက တကယ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အထောက်အထား အခိုင်အလုံနဲ့ တင်ပြလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“နအဖ ထပ်ခါတလဲလဲ ကျူးလွန်တဲ့ ပြစ်မှုအပေါ်မှာ ကျမတို့က နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို တရားစီရင်ခွင့်ဘောင် အာဏာ ထဲမှာ ရောက်နေတဲ့ ပြစ်မှုတွေ ဖြစ်တယ်။ ကျမတို့ စိတ်ကူးယဉ်ဆန်ပြီး လုပ်နေတဲ့လုပ်ရပ် မဟုတ်ဘူး။ ဒါ တကယ် ကိုပဲ နအဖကိုယ်တိုင် ကျူးလွန်တဲ့ ပြစ်မှုတွေကို ပြည်တွင်းတရားစီရင်ရေးကိုယ်တိုင်က အားကိုးနိုင်လောက်တဲ့၊ တရားမျှတမှု ကို ဖော်ဆောင်ဖို့အတွက် အားကိုးနိုင်လောက်တဲ့ တရားရုံးတွေ မဟုတ်ဘူး။ ဒီပြစ်မှုတွေကလည်း ထပ်ခါထပ်ခါကျူးလွန်တဲ့ ပြစ်မှုတွေ ဖြစ်တယ်။ ICC စီရင်ခွင့်အာဏာ ဘောင်ထဲမှာရှိတဲ့ ပြစ်မှုတွေကို တင်ဖို့ ကျမတို့ ကြိုးစားတယ်။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုရင်တော့ ဖြစ်နိုင်ခြေ အများကြီးရှိတယ်လို့ ဖြေလို့ရပါတယ်။”

အခုအချိန်မှာတော့ စစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို သက်သေခံအထောက်အထား စုဆောင်းတဲ့အဆင့်မှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“ဘယ်အဆင့်ရောက်ပြီလဲဆိုရင် ကျမတို့ BLC မှာ နအဖကျူးလွန်တဲ့ ပြစ်မှုကြီးတွေနဲ့ ပတ်သက်ပြီး သက်သေခံ အထောက်အထားတွေ အများကြီး စုဆောင်းလို့ ရနေပါပြီ။ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ မဟုတ်ဘူး။ ICC မှာ တင်နိုင်ဖို့အတွက်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ သွားရမယ်။ ဒီလိုမျိုး
အားကောင်းစွာ UN Security Council ရဲ့ Resolution ကို ကျမတို့ ယူရမှာဖြစ်တယ်။

“အဲဒီနည်းတူ ကျမတို့ ဘယ်လောက်ခရီးရောက်ပြီလဲဆိုရင် နိုင်ငံတကာက ပြည်တွင်းမှာ ထပ်ခါထပ်ခါဖြစ်နေတဲ့ ပြစ်မှုတွေ ကို အများကြီး အာရုံစိုက်တယ်။ လွန်ခဲ့တဲ့အပတ် သောကြာနေ့က အရှေ့တီမောသမ္မတကိုယ်တိုင်က နိုင်ငံတကာတရားရုံး မှာ စီရင်နိုင်အောင် တင်ဖို့အတွက် ဖိအားပေးမယ်ဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်လာတယ်။ အဲဒါ လုံခြုံရေးကောင်စီက တရားရေးဆိုင်ရာအရ စဉ်းစားနိုင်လောက်တဲ့ အခြေအနေအထိ၊ ဒါ နည်းနည်းတော့ ခက်ခဲတဲ့ ကိစ္စတခုတော့ဖြစ်တယ်။”

ဒီကိစ္စအောင်မြင်နိုင်ဖို့အတွက် စစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို သက်သေသာဓကနဲ့တကွ နိုင်ငံတကာ ထောက်ခံ အားပေးမှုရရှိအောင် စည်းရုံးလှုံ့ဆော်နေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“Lobby တို့ Campaign တို့ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဓာတ်ပုံတွေနဲ့တကွ လုပ်နေတာ ရှိနေပါတယ်။”

စစ်အစိုးရကို ICC ခုံရုံးတင် တရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီက လုပ်ငန်း တာဝန်ခံ မဆန်းရှာဖောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG