H1N1 ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုတခုတွေ့ရှိတယ်လို့ ရုရှားနိုင်ငံက အတည်ပြုလိုက်တဲ့အတွက် ကမ္ဘာပေါ်မှာ ဝက်တုပ်ကွေးဖြစ်ပွားတဲ့ နိုင်ငံပေါင်း ၄၃ နိုင်ငံရှိသွားခဲ့ပါပြီ။ အမေရိကန်နိုင်ငံက ပြန်လာတဲ့အမျိုးသားတယောက် ဝက်တုပ်ကွေး ဖြစ်ပွားနေပြီလို့ ရုရှားနိုင်ငံ ကျန်းမာရေးထိပ်တန်းအရာရှိတဦးက သောကြာနေ့မှာ အတည်ပြုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေတဲ့ သူရဲ့အခြေအနေဟာ စိတ်ကျေနပ်စရာ ကောင်းတယ်လို့လည်း တာဝန်ရှိသူက ပြောပြပါတယ်။
ကမ္ဘာ့တဝှမ်းမှာ လူပေါင်း ၁၁,၀၀၀ ကျော် ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခဲ့ပြီးတော့ ၈၆ ယောက် သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ သေဆုံးမှုအများဆုံးဟာ ရောဂါဖြစ်ပွားမှုစတင်တဲ့ မက္ကဆီကိုနိုင်ငံက ဖြစ်ပါ တယ်။
ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုဟာ ကပ်ရောဂါကူးစက်မှုအသွင် ဖြစ်နေတယ်ဆိုတာမျိုး WHO ကကြေညာဖို့ နိုင်ငံ တွေက ဝိုင်းပြီးဖိအားပေးနေပေမဲ့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန် (Dr Margaret Chan) က မကြေညာ ဘူးလို့ သောကြာနေ့က ထပ်ပြီးပြောခဲ့ပါတယ်။ ကပ်ရောဂါဆိုက်ရောက်ပြီလို့ သတ်မှတ်တဲ့အဆင့် - ၆ အထိကို လက်ရှိ အဆင့်ကနေ အဆောတလျင် မတိုးချင်ဘူးလို့ ကျန်းမာရေးဆိုင်ရာ နှစ်ပတ်လည် နောက်ဆုံးနေ့မှာ ဒေါက်တာချန်က ပြောကြားခဲ့ပါတယ်။
ရောဂါကူးစက်ဖြစ်ပွားမှုကို လက်ရှိမှာအဆင့် - ၅ လို့ သတ်မှတ်ထားပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အထူးသတိ ရှိကြဖို့ကို လည်း WHO ညွှန်ကြားရေးမှူးချုပ်က သတိပေးထားပါတယ်။