သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ လိုပြသက်သေတွေကို မေးခွန်းထုတ်ဖို့ စိုင်းပြင်း


ပြီးခဲ့တဲ့ သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဖို့ မြန်မာစစ်အစိုးရက ဆုံးဖြတ်လိုက်တဲ့အပေါ် သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေက ဘယ်လို တုန့်ပြန်မှု ရှိသလဲဆိုတာကို သိရအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပေးနေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို နော်ရှိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

“မနက်ဖြန်မှာ ကျွန်တော်တို့ အခု ရောက်ရှိနေတဲ့ စွဲချက်တင်ထားတယ်။ စွဲချက်တင်တဲ့အခါမှာ စစ်ဆေးပြီးသား သက်သေ၊ ပြန်စစ်ချင်တဲ့ သက်သေတချို့ကို ကျွန်တော်တို့ ခေါ်ထားပါတယ်။ ပထမ recall လို့ ခေါ်တဲ့ ပြန်ခေါ်သက်သေတွေကို မနက်ဖြန် ထပ်စစ်မယ်။ ပြီးသွားရင် တရားလိုပြ သက်သေ လုံးဝမစစ်ဆေးရသေးတဲ့ သက်သေတွေကို စစ်ဆေးမယ်။ အဲဒါတွေ စစ်ပြီးရင်တော့ စွပ်စွဲခံရသူတွေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ သူတို့ရဲ့ ခုခံ ချေပချက်တွေ ကို စမယ်။

နော်ရှိုး။ ။ ကျန်နေတဲ့ သက်သေ ၁၀ဦးဆိုတာက အဲဒီထဲက ၁၀ဦးလား။

ဦးဉာဏ်ဝင်း။ ။ မဟုတ်ဘူး။ ကျွန်တော်တို့ ပြန်ခေါ်မယ်ဆိုတာက စစ်ပြီးသား သက်သေ၊ ပြီးရင် ကျန်တဲ့ သက်သေ ဆက်စစ်မယ်။

နော်ရှိုး။ ။ အစိုးရဘက်က အခုချိန်ထိ သက်သေ ဘယ်နှစ်ဦးထွက်ပြီးသွားပြီလဲ။

ဦးဉာဏ်ဝင်း။ ။သူတို့က ၂၃ဦးပါ။ ၂၃ဦးမှာ ၁၃ဦး စစ်ပြီးလို့ အခု ၁၀ဦး ကျန်ပါတယ်။

နော်ရှိုး။ ။ တရားလိုဘက်က သက်သေထွက်ဆိုသူ ၂၃ဦးဆိုတော့။ အဲဒီထဲမှာ အများစုက ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲမှာ ရှိတဲ့ သူတွေပဲလို့ ဆိုရမလား။

ဦးဉာဏ်ဝင်း။ ။ ခြံထဲမှာ လုံခြုံရေး ယူတဲ့သူတွေ သက်သေ တယောက်မှ မပါဘူး။ ၂၃ဦးထဲမှာ။ ထူးခြားချက်က အဲဒါရှိတယ်။
နော်ရှိုး။ ။လုံခြုံရေး တင်းကျပ်တဲ့နေရာမှာ တရားလိုဘက်က သက်သေထွက်ဆိုသူ ၂၃ဦးထဲက လုံခြုံရေး တာဝန်ရှိသူ တယောက်မှ မပါဘူးဆိုတော့၊ အဲဒီ သက်သေ ထွက်ဆိုသူတွေက ဘယ်သူတွေလဲ။

ဦးဉာဏ်ဝင်း။ ။ ဒေါ်အောင်ဆန်းစုကြည် ပစ္စည်းသိမ်းတယ်။ ယက်ထော ဆီ က သိမ်းတယ်။ ဟော်တယ်က သိမ်းတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်က ၂ကြိမ်။ သိမ်းတယ်ဆိုတဲ့ပစ္စည်းတွေက ယက်ထော ပစ္စည်းတွေပေါ့။ အဲဒါတွေက သက်သေ တွေ အများကြီး ဖြစ်နေတယ်။ တကယ်တမ်းကျတော့ သတင်းတပ်ဖွဲ့က သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ ဒီပုဒ်မတွေနဲ့ စွဲတယ်။ ဘယ်လိုတွေ ကျူးလွန်တယ်။ ဥပဒေကို ဘယ်လို ချိုးဖောက်တယ်ဆိုတာ သူတို့ စပြောတယ်။ ဒါပေမဲ့ အဲဒီလူတွေ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ သူတို့ တာဝန်မဟုတ်ဘူးတဲ့။ ရဲတပ်ရင်းနဲ့ တပ်မှူးပဲတဲ့။ ရဲတပ်ရင်း ဘယ်တပ်ရင်းလဲလို့ ဆိုတော့လည်းသူတို့က မဖြေကြဘူး။ အခြေအနေက လုံခြုံရေး ချိုးဖောက် လို့ ဒီလို ဖြစ်တာ။ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သက်သေလည်း မပါဘူး။ လုံခြုံရေးက လူတွေ တာဝန်ရှိတဲ့ အပိုင်းကို မျက်ကွယ်ပြုပြီးတော့ အခုလို စွဲနေတဲ့သဘော။

နော်ရှိုး။ ။ ကျမတို့ နားလည်ထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့။ အဲဒီအနေအထားမှာ အန်ကယ်တို့ဘက်က တရားလို သက်သေတွေကို စစ်ဆေး မေးမြန်းပြီးတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမယ်ဆိုတဲ့ သဘောလား။

ဦးဉာဏ်ဝင်း။ ။ သောကြာနေ့က စွဲချက်တင်တယ်ဆိုတာ အဲဒါ တရားရုံးက တရားစွဲလိုက်တာပဲ။ တရားစွဲမှုကို သူတို့ အသိအမှတ်ပြုလိုက်တာပဲ။ ဒါအရပ်စကားနဲ့ ပြောတာပါ။

နော်ရှိုး။ ။ အန်ကယ်တို့ ဒီတရားဥပဒေ လမ်းကြောင်းကနေ ကြည့်မယ်ဆိုရင် အခုလို တရားလိုပြ သက်သေတွေကို ပြန်ပြီးတော့ စစ်ဆေးမေးမြန်းပြီးတဲ့အခါမှာ ထွက်ပေါ်လာမယ့် ရလဒ်က ဘယ်လို ဖြစ်မယ်လို့ အန်ကယ်တို့ ထင်သလဲ။

ဦးဉာဏ်ဝင်း။ ။ ကျွန်တော်တို့ကတော့ ဘာကို ကြိုးစားနေလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု စွဲတဲ့ ပုဒ်မနဲ့ မညှိဘူးဆိုတဲ့ ဥပဒေဆိုင်ရာ ပြဿာတွေကို အန်ကယ်တို့ တတ်နိုင်သမျှ အမှုတွဲမှာ ပေါ်အောင် ကြိုးစားနေတာပါ။

နော်ရှိုး။ ။ကျမတို့ မြင်ခဲ့ကြားခဲ့ရတဲ့အတိုင်း တရားဥပဒေအရ စီရင်တဲ့ အမှုတွေမှာလည်း နှစ်ရှည် ထောင်ဒဏ်ချမှတ်တာ တွေ၊ ဒီလို ရလဒ်တွေ ကြုံဖူးတယ်ဆိုတော့ ဒီအမှုမှာရော အဲဒီလို အဖြစ်နဲ့ ကြုံနိုင်တဲ့ အလားအလာရှိတယ်လို့ ထင်ပါသလား။
ဦးဉာဏ်ဝင်း။ ။ ဖြစ်တော့ ဖြစ်လာနိုင်တာပဲ။ ကျွန်တော်က ပြောနေတာကတော့ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် ပြစ်မှု ကျူးလွန်ခြင်းမရှိဘူး။ စွဲဆိုတဲ့ ပုဒ်မနဲ့ ညှိစွန်းခြင်း မရှိဘူး။ ဒါကြောင့် ဥပဒေလမ်းကြောင်းအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ကို လွှတ်ရမယ်လို့ ယုံကြည်တယ်။ သို့သော် တကယ်လို့ မလွှတ်ခဲ့ဘူးဆိုရင် ဒါဟာဥပဒေနဲ့ မညီတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်မယ်လို့ ကျွန်တော်တော့ ဒီလိုပဲ ပြောချင်ပါတယ်။

နော်ရှိုး။ ။ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ထွက်ဆိုနိုင်တဲ့ အနေအထား ရှိပါသလား။

ဦးဉာဏ်ဝင်း။ ။ အဲဒါကတော့ ကျွန်တော်တို့ ညှိနှိုင်းတုန်းပါ။ ကျွန်တော်တို့ သက်သေ တင်ပါမယ်။ သို့သော်လည်း သက်သေ ခံမယ့် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ လက်ခံမှလည်း ကျွန်တော်တို့က တင်လို့ ဖြစ်မှာကိုး။ အဲဒါ သိရပြီးရင်တော့ ကျွန်တော်ပြောပါ့မယ်။

နော်ရှိုး။ ။ ဒီအမှုက ဘယ်လောက်အထိ ဆက်ကြာသွားနိုင်မလဲ။

ဦးဉာဏ်ဝင်း။ ။ ကျွန်တော့် ခန့်မှန်းခြေတော့ ဒီနှုန်းအတိုင်း၊ နေ့စဉ် ရက်ဆက်ပဲ ရုံးချိန်းမယ်ဆိုရင်တော့ လာမယ့် ၂ပတ်အတွင်းမှာ သက်သေ စစ်ဆေးတာတွေ၊ ခုခံတာတွေဟာ ပြီးသွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။

နော်ရှိုး။ ။ လာမယ့် ၂ပတ်အတွင်းမှာ အကယ်၍ တရားရုံးက စီရင်မယ်ဆိုရင် စီရင်နိုင်မယ့် အဆင့်ကို ရောက်သွားမှာလား။

ဦးဉာဏ်ဝင်း။ ။ စီရင်မယ့် အဆင့်ကို ရောက်သွားမှာပေါ့။

နော်ရှိုး။ ။ အဲဒီ အဆင့်ပြီးရင် ဘာဆက်လုပ်လို့ ရသလဲ။ အကယ်၍ စီရင်ချက်က အန်ကယ်တို့ သဘောမတူဘူးဆိုရင်….။

ဦးဉာဏ်ဝင်း။ ။ ဥပဒေအရ ပေးအပ်ထားတဲ့ အယူခံလွှာကို ကျွန်တော်တို့ သွားရမှာပါ။

နော်ရှိုး။ ။ အခုတရားရုံးက ခရိုင်တရားရုံးလား။

ဦးဉာဏ်ဝင်း။ ။ဟုတ်ပါတယ်။ နောက်တဆင့်က တိုင်းအဆင့် တရားရုံးကို သွားရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG