သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလွတ်မြောက်ရေး ပြည်တွင်းပြည်ပ ထောက်ခံသူတွေ ဆန္ဒထုတ်ဖေါ်တောင်းဆို


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပုဒ်မ ၂၂ နဲ့ အရေးယူဖို့ တရားစွဲဆိုထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ကျောက်ပန်းတောင် အန်အယ်လ်ဒီ လူငယ် အဖွဲ့ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်တချို့ကနေ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ ဘယ်လိုတွေ လုပ်ခဲ့ကြသလဲ၊ အာဏာပိုင်တွေရဲ့ နှောင့်ယှက်ဟန့်တားမှုတွေကို ခံခဲ့ရသေးလားဆိုတာကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က အန်အယ်လ်ဒီ လူငယ် စည်းရုံးရေးအဖွဲ့တွေ နဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အဖွဲ့ဝင်တွေ စုစုပေါင်း ၂၅ ယောက်လောက်က ဒီနေ့ တူညီဝတ်စုံတွေ ဝတ်ဆင် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားသွား ဆုတောင်းခဲ့ကြတာပါ။ ဒီနေ့ လုပ်ခဲ့ တဲ့ အဓိက ရည်ရွယ်ချက်ကို ကျောက်ပန်းတောင်း အန်အယ်လ်ဒီ လူငယ်စည်းရုံးရေးအဖွဲ့ဝင် ကိုအေးခိုင် က
"ဒီနေ့ ကျောက်ပန်းတောင်း ဆုတောင်းပြည့် စေတီမှာရှိတဲ့ ကန်ထဲသွားပြီးတော့ ငါးတွေ လွှတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းကြတာ ပေါ့။ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ပုဒ်မ ၂၂နဲ့ တရားစွဲဆိုထားတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မှ တိုင်းပြည်နဲ့ လူမျိုး ကောင်းစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆုတောင်းပေးတာ ဖြစ်ပါတယ်။ ”

နေအိမ်ကနေ စထွက်ကတည်းက တူညီဝတ်စုံတွေ ဝင်ဆင်ခဲ့တာဖြစ်လို့ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရပြီး အစိုးရအနေနဲ့ အခုလို နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီး အကျဉ်းချနေမယ့်အစား တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ဆွေးနွေးပြောဆိုသင့်ပြီလို့ ကိုအေးခိုင် က အခုလို ဆက်ပြော ပါတယ်။

“တူညီ ဝတ်စုံ ဝတ်သူ အားလုံးပေါင်းကတော့ ၂၅ယောက်ပေါ့။ ကျန်တဲ့သူတွေကတော့ ဘေးကနေ လိုက်ကြည့်တာပဲ ရှိပါတယ်။ အာဏာပိုင်တွေကတော့ ကြည့်နေတာပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးစေချင်ပါတယ်။ ပဋိပက္ခတွေ အားလုံး ပြေလည် စေချင်ပါတယ်။ တိုင်းပြည် ငြိမ်းချမ်းသွားအောင်လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး အဖွဲ့နဲ့ အစိုးရနဲ့ ညှိနှိုင်း ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာ မှန်မှန်နဲ့ လုပ်ပေးစေချင်ပါတယ်လု့ိ ကျွန်တော်တို့ တောင်းဆို ချင်ပါတယ်။”

ဒါကတော့ ဒီနေ့ မန္တလေး ကျောက်ပန်းတောင်းမြို့မှာ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဘုရားမှာ ဆုတောင်းပြီး ငါးလွှတ်ခဲ့ ကြတာနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ လူငယ် စည်းရုံးရေးအဖွဲ့ဝင် ကိုအေးခိုင် ပြောပြခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအတွင်း တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ရပ်တည်ချက်အပေါ် ထိုင်းနိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြ ခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ က လုံခြုံရေး ကောင်စီမှာ ဗီတို အာဏာသုံး တားဆီးနေတဲ့ တရုတ်နိုင်ငံနဲ့ ရုရှား နိုင်ငံတို့ကို ကန့်ကွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ တရုတ် သံံရုံးနဲ့ ရုရှားသံရုံးရှေ့တွေမှာ မြန်မာ့ ဒီမိုကရေစီ အင်အားစု တွေက ဆန္ဒပြခဲ့ကြ ပါတယ်။
ဆန္ဒပြသူအမျိုးသမီးတဦးပြောပြတာကတော့
“မတရားပုဒ်မတွေ တပ်ပြီးတော့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် ကျမတု့ိက အခုလို ဆန္ဒပြနေတာ ဖြစ်ပါတယ်။”
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့က ချစ်ကြည်ရေး တံတားအနီးမှာလည်း ဒီမိုကရေစီအင်အားစုတွေ၊ သံဃာတော်တွေ နိုင်ငံခြားသားတွေ ပါဝင်တဲ့ အင်အား ၁၀၀ခန့် ဟာလည်း ဆန္ဒပြခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG