သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အာရှနိုင်ငံတွေ ပိုလုပ်ဖို့ ပြင်သစ်ဝန်ကြီးတိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားရာကနေ အမြန်လွှတ်ပေးဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ တောင်းဆိုနေကြတဲ့အထဲ ပြင်သစ်အစိုးရအနေနဲ့ အပြည့်အ၀ ပူးပေါင်း တောင်းဆိုနေပါတယ်လို့ ပြင်သစ်နိုင်ငံရဲ့ လူ့အခွင့်အရေး ဝန်ကြီး မစ္စက် ရာမာယပ်က ပြောပါတယ်။ အထူးသဖြင့် ဒီအခြေအနေအပေါ်မှာ အာရှနိုင်ငံတွေက ပိုပြီးတော့ ဖိအားပေး လုပ်ဆောင်သင့်တယ်လို့ ပြင်သစ် ရုပ်မြင်သံကြား တခုနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောခဲ့တာပါ။

"တရုတ်၊ ဂျပန်၊စင်္ကာပူ၊ ဖိလစ်ပိုင်၊ လာအို အစရှိတဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒီကိစ္စမှာ အပြည့်အ၀ ဖိအားပေး တိုက်တွန်းဖို့ လိုတယ်လို့ ကျွန်မ မြင်ပါတယ်။ အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာ စစ်အစိုးရ အပေါ်မှာ စီးပွါးရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားသလို အခုလို အခြေအနေတွေကြောင့် ဒဏ်ခတ်မှုတွေကို ပိုပြီး ထိရောက်မှု ရှိစေဖို့၊ ပြင်းပြင်းထန်ထန် ဖြစ်စေဖို့ ဥရောပ သမဂ္ဂအတွင်းမှာ စဉ်းစားမှု တွေလည်း ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဧပြီလက ဥရောပ သမဂ္ဂရဲ့ စီးပွါးရေး ပိတ်ဆို့မှု သက်တမ်းကိုလည်း တိုးခဲ့ပါ တယ်။ လုံခြုံရေး ကောင်စီမှာလည်း ပြစ်သစ်နိုင်ငံက မြန်မာ နိုင်ငံအရေးကိစ္စမှာ ပူးပေါင်း ဆောင်ရွက်နေ ပါတယ်။ ဒါပေမဲ့ ကျမ အတိအကျ ပြောနိုင်တာကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စမှာ မြန်မာ စစ်အစိုးရနဲ့ ကုန်သွယ်မှု နိုင်ငံတွေဖြစ်တဲ့ အာရှ နိုင်ငံတွေက ဒီကိစ္စအပေါ်မှာ အသေအချာ ဖိအားပေး ပြောဆိုဖို့ လိုတယ်"

ဒီနေ့ တနင်္လာနေ့ မေလ ၂၅ရက်နဲ့ ၂၆ရက်တွေမှာ ဥရောပ သမဂ္ဂနဲ့ အရှေ့တောင် အာရှနိုင်ငံ အာဆမ် ထိပ်သီး အစည်းအဝေးကြီးကလည်း ဟနွိုင်းမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွင်းမှာ မြန်မာ့ အရေးကိစ္စဟာ အရေးကြီးဆုံး ဆွေးနွေးကြမယ့် အကြောင်းအရာတခုအဖြစ် ဒီအစည်းအဝေးပွဲကြီးရဲ့ စားပွဲဝိုင်းပေါ်မှာ ရှိနေမှာပါ။ ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီး ရာမာယပ်ကတော့ အဲဒီ အစည်းအဝေးမှာ မြန်မာ စစ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG