သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို EU တောင်းဆို


နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရပြီးတော့ ထိန်းသိမ်းကန့်သတ်မိန့်ကို ချိုးဖောက်
တယ်ဆိုပြီး မြန်မာစစ်အစိုးရရဲ့ တရားရုံးတင်စစ်ဆေးမှု ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး
အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ အာဆမ် ခေါ် အာရှ-ဥရောပ နိုင်ငံများရဲ့
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေကြတဲ့ ဥရောပနိုင်ငံက
ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ
ပေးထားပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ တနင်္လာနေ့ကစပြီးတော့ ပြုလုပ်တဲ့ နှစ်ရက်ကြာ ဥရောပ
နဲ့ အာရှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အာဆမ် အစည်းအဝေးအတွင်း မြောက်ကိုရီး
ယားရဲ့ နျူကလီးယား စမ်းသပ်မှုကိစ္စနဲ့ မြန်မာစစ်အစိုးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်
တရားစွဲဆို ရုံးတင်စစ်ဆေးမှု လုပ်ရပ်တွေက လွှမ်းမိုးနေပါတယ်။

ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို အမေရိကန်နိုင်ငံသားတဦး
ကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်မှာ နေအိမ်
အကျယ်ချုပ်နဲ့ ချမှတ်ထားတဲ့ တားမြစ်မှုတွေကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးတင်
စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ အာရှ-ဥရောပ ခေါင်းဆောင်
များရဲ့ အာဆမ်အစည်းအဝေးအတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ရှိနေ
တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပ
နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို
တောင်းဆိုခဲ့ပါတယ်။

“အခုချိန်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးက
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်း
သားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တညီတညွတ်
တည်း တောင်းဆိုနေကြပါတယ်။” လို့ ချက်ရီပတ်
ပလစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ယန် ကိုးဟောက်
(Jan Kohout) က မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ ပြောဆို
ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်
ထားရှိတဲ့ သူ့ရဲ့မူဝါဒတွေကို ပြန်လည်သုံးသပ်မယ်လို့
ပြောဆိုခဲ့သလို ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံ
အပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ
တိုးပေးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် တပတ်
အကြာမှာပဲ အခုလိုမျိုး မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်
ချမှတ်ထားတဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးတင် စစ်ဆေးမှုတွေ
ပြုလုပ်ခဲ့တာပါ။ အပြစ်ရှိတယ်လို့ သက်သေပြနိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ
ထောင်ဒဏ် ၅ နှစ်ထိ ချခံရဖို့ ရှိနေပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဒီလိုအပြုအမူကို တုံ့ပြန်တဲ့
အနေနဲ့ မြန်မာနိုင်ငံအပေါ် အခုထက်ပိုပြီး ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ
လုပ်သွားဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ ၀ိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ သံတမန်
နည်းတွေကနေတဆင့် တိတ်တဆိတ် ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ အရှေ့တောင်အာရှ
နိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က
ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြဿနာကို ကူညီဖြေရှင်းနိုင်ဖို့အတွက် သံတမန်ဆက်ဆံမှုတွေနဲ့
တခြား တိတ်တဆိတ် ဆက်သွယ်မှုတွေကနေတဆင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်
နေပါတယ်။”

အာဆီယံအသင်းကြီးဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအပေါ် ဆက်ဆံတာ
သိပ်ပျော့ပျောင်းလွန်းတယ်ဆိုပြီး မကြာခဏဆိုသလို ဝေဖန်ခံနေရတာပါ။ ဒါပေမယ့်
ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်
လူသားဆန်ဆန် ပြုမူဆက်ဆံဖို့ တိုက်တွန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်
ပေးဖို့ကိုလည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ ဥရောပသမဂ္ဂ ကော်မရှင်ကလည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာ
စစ်အစိုးရကို ထပ်မံတောင်းဆိုသလို ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံ
တွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခုထက်ပိုပြီး
ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ဟနွိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိတဲ့ သုံးပွင့်ဆိုင်အဖွဲ့ထဲမှာ ကျမလည်း
ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။ အခုလို တွေ့ဆုံဖို့က မူအားဖြင့် လိုအပ်ပါတယ်။
အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်း
သားအားလုံးကို ပြန်လွှတ်ပေးဖို့ ပြတ်ပြတ်သားသား ကျမတို့က အသိပေးဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲ ဆက်ထားနိုင်ဖို့ ဘယ်လို
အကြောင်းပြချက်ကောင်းကိုမှလည်း မသုံးဖို့ ကျမတို့ မြန်မာစစ်အစိုးရကို အသိပေးမှာ
ဖြစ်ပါတယ်။”

ဥရောပသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဘန်နီတာ ဖာရဲရို-
ဝေါလ်ဒ်နာ (Benita Ferrero-Waldner) ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအပေါ်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ
နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခုထက်ပိုပြီး
ဆောင်ရွက်ဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

“အရေးကြီးဆုံးကတော့ အိမ်နီးချင်းနိုင်ငံအားလုံးကို အထူးသဖြင့် ကျမတို့က မေတ္တာ
ရပ်ခံဖို့ပါပဲ။ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်ဖို့
သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ ဆက်ဆံသွားဖို့ပါပဲ။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက
မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေဟာ မြန်မာစစ်အစိုး
ရနဲ့ ဆက်ဆံနေတာ ဖြစ်တဲ့အတွက်ကြောင့်လည်း လွှမ်းမိုးမှု အရှိနိုင်ဆုံးလို့ ဆိုနိုင်ပါ
တယ်။”

ဥရောပသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဘန်နီတာ ဖာရဲရို-
ဝေါလ်ဒ်နာ ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG