သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ထွက်ဆို


တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက အထူးတရားခွင်မှာ တရားစွဲဆိုခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုယ်တိုင် ထွက်ဆို ပြီးတော့ သူ့မှာ အပြစ်မရှိကြောင်း ချေပလိုက်တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတဲ့ ဒီကနေ့မှာတော့ သံတမန်တွေနဲ့ စာနယ်ဇင်းသမား တချို့လည်း တက်ရောက်ကြားနာ ခွင့် ရခဲ့ကြပါတယ်။ တရားခွင်က နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်ချမှတ်ထားတဲ့ တားဆီး ကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေး မေးမြန်းတာတွေ ခံနေရတဲ့ တရားခွင်မှာ အပြစ်မရှိကြောင်း ကိုယ်တိုင် ခုခံချေပလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျမ် ယက်ထော (John William Yettaw) နဲ့ ဆက်စပ်ပတ်သက်ပြီး စွပ်စွဲခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို စာနာစိတ်နဲ့သာ ကူညီ ခဲ့တာမို့ အပြစ်မရှိကြောင်း ဖော်ပြထားတဲ့ ရေးသားချက်ကို ရုံးတော်ကို တင်ပြခဲ့တာလို့ သူ့ရဲ့ ဥပဒေ အကျိုးဆောင်တဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“သူ့ရဲ့ ခုခံချေပချက်က အခုဖြစ်ပျက်သွားတာ အားလုံးသိပြီးသားလေ၊ အဲတော့ မစ္စတာယက်ထောကို နေရာထိုင်ခင်း ပေးတယ်တို့၊ အစားအသောက် ကျွေးတယ်တို့၊ ဒေါ်အောင်ဆန်းစုကြည်ပြောတာက ခေတ္တ နေထိုင်ခွင့်ပြုခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မစ္စတာယက်ထောက အဲဒီနေ့မနက် ၅ နာရီကျော်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အလင်းရောင်က လာပြီ။ သူ အခုသွားရင် အဖမ်းခံရမယ်။ ဒါကြောင့် သူ့ကို ကူညီပါ၊ ခေတ္တနေခွင့်ပြုပါလို့ ခွင့်တောင်းလို့ ခေတ္တခွင့်ပြုခဲ့တယ်။

“ဒီလို ခေတ္တခွင့်ပြုပြီး သက်ဆိုင်ရာကို ဘာကြောင့် အကြောင်းမကြားလဲ၊ အကြောင်းမကြားလို့ ဘာညာဆိုပြီး အစိုးရဘက်က စွပ်စွဲတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြောတာက သူ့အနေနဲ့ သူကိုယ်တိုင် အကျဉ်းကျခံနေရတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များဟာလည်း တရားဥပဒေရဲ့ အကာအကွယ် မရဘူး၊ တရားဥပဒေရဲ့ သက်ညှာမှုလည်း မရဘဲနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတယ်။ ဒီလိုအချိန်အခါမျိုးမှာ မိမိကြောင့် တခြားလူတဦး ဒုက္ခရောက်မယ့် တွန်းပို့မှုမျိုးကို သူ နိုင်ငံရေးယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီလို Statement မှာ ဖော်ပြပါတယ်။

“အာဏာပိုင်တွေကို ၇ ရက်နေ့မှာ အကြောင်းကြားဖို့ သူရည်ရွယ်ထားတယ်။ ပထမတကြိမ်တုန်းကလည်း ဒေါက်တာ တင်မျိုးဝင်း ဝင်တဲ့အချိန်မှာ သူ အကြောင်းကြားခဲ့တယ်။ အခုလည်း ဒေါက်တာတင်မျိုးဝင်းဝင်မယ့် မေလ ၇ ရက်နေ့မှာ အကြောင်းကြားဖို့ ရည်ရွယ်ထားတယ်။ သို့သော်လည်း အာဏာပိုင်တွေက ဒေါက်တာတင်မျိုးဝင်းကို ဝင်ခွင့်မပြုတော့၊ သူ့ဆီကို မရောက်လာတော့ သူ ဒါကို ဆောင်ရွက်ခွင့်မရဘူးလို့လည်း ရှင်းပြထားပါတယ်။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုမယ့်နေ့မှာတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်းသမားတချို့ကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့သလို တရားခွင်ကိုလည်း ဝင်ရောက် လေ့လာခွင့် ပေးခဲ့ပါတယ်။

မနက်အစောပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဥပဒေထက် ကျော်လွန်လုပ်ဆောင်ထားတယ်ဆိုပြီး အများ က ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖမ်းဆီးထိန်းသိမ်းထားတဲ့အမိန့်နဲ့ ပတ်သက်လို့ ရဲမှူးချုပ်မြင့်သိန်းက ခုခံပြောဆိုခဲ့တာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားရမယ့် အချိန်ထက်တောင် စောပြီး လွှတ်ပေးဖို့ အစီအစဉ် ရှိနှင့်နေတာလို့လည်း အသင့်ရေးထားတဲ့ ကြေညာချက်ကို ဖတ်ပြသွားခဲ့တဲ့အကြောင်း အဲဒီကိုရောက်သွားတဲ့ စာနယ်ဇင်းသမားတွေက ပြောပါတယ်။

ဒီလိုပဲ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားတဲ့ ဥပဒေကို ပယ်ဖျက်လိုက်တဲ့ အကြောင်း သူ့ရဲ့ရှေ့နေတွေရှေ့မှောက် ထောင်တွင်းမှာ အကြောင်းကြားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ မနက် ၁၀ နာရီခွဲလောက် ဒီမှာ အချိန်နည်းနည်းလေး လွဲမယ်၊ ကျနော်ရောက်သွားတဲ့အချိန်မှာ သတင်းတပ်ဖွဲ့ က ကျနော်ရယ်၊ ရှေ့နေ ဦးလှမျိုးမြင့်ရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ်ကို ကားနဲ့တင်ပြီး ဒေါ်အောင်ဆန်းစုကြည် ယခုလက်ရှိ နေထိုင်ခွင့်ရှိနေတဲ့ အကျဉ်းထောင်ဝင်းထဲက နေအိမ်ကို ခေါ်သွားပါတယ်။ နေအိမ်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ ဧည့်ခန်းမှာ ထိုင်ပါတယ်။ သူတို့ လုံခြုံရေးတွေလည်း အများကြီးပါ။ အဲဒီမှာ လူကြီးတဦးလာမယ်၊ ဘယ်သူလဲ ဆိုတာတော့ မသိဘူးပေါ့။

“နောက် ရောက်လာတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ နောက် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ် ဦးမြင့်သိန်း၊ သူတို့နှစ်ယောက် ရောက် လာပါတယ်။ ရောက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ၁၀(ခ) အရ ချမှတ်ထားတဲ့ တားဆီးမိန့်ကို ရုပ်သိမ်း
ကြောင်းနဲ့ ဒီအမိန့်စာကို ရဲမှူးချုပ်မြင့်သိန်းက ဖတ်ပြပါတယ်။ ဖတ်ပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကော်ပီတစုံ ပေးပါ တယ်။ သို့သော် ကျနော်တို့ Mention လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၄ ရက်နေ့ တရားစွဲတဲ့အချိန်ကစပြီးတော့
ဒီဟာကို ရပ်စဲတယ်လို့ ဖြစ်သင့်ပါတယ်ဆိုတဲ့ အကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Instruction အရ ကျနော် ပြောခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အခုလို အကျဉ်းထောင်တွင်း တရားရုံးတင် စစ်ဆေးတာတွေကို နေ့စဉ်ရက်ဆက် ဆိုသလို လုပ်ဆောင်နေတာမို့ အခုတရားခွင်ကို အာဏာပိုင်တွေဘက်က အဆောတလျင် ပြီးပြတ်လိုတဲ့သဘော ရှိနေတယ် လို့လည်း တွက်ဆနေကြပါတယ်။ ဒီနေရာမှာလည်း နေအိမ်အကျယ်ချုပ် သက်တမ်း စေ့တော့မှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့လည်း ယူဆနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင် ကလည်း ဒီလိုယူဆစရာအကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ယူဆမယ်ဆိုရင်တော့ ယူဆစရာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၁၀(ခ) က တကယ်ဆိုရင် တခြားပြစ်မှုတခုခုနဲ့ သက်ဆိုင် ရာ ပုဂ္ဂိုလ်ကို ဖမ်းဆီးတရားစွဲဆိုမယ်ဆိုရင် ၁၀(ခ)က ပုဒ်မ ၄၃ အရ အလိုအလျောက် ပျက်ပြယ်တယ်လေ။ အဲတော့ ဘာပဲ ဖြစ်ဖြစ် ၁၀(ခ)ကို ဖျက်ပြီးတော့ ဒီအမှုကို သူတို့ အခိုင်အမာတည်ဆောက်ဖို့ စွဲချက်တင်လိုက်ပြီဆိုတော့ ဘာပဲပြောပြော ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တနည်းမဟုတ်တနည်း အပြစ်ပေးနိုင်ဖို့ စနေပြီလို့ ယူဆလို့ရပါတယ်။”

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာ အခုလို ကြားနာစစ်ဆေးတာတွေ လုပ်ဆောင်နေချိန်မှာတော့ ထောင် အနီးအနား ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေကို ဆက်ပြီး တင်းတင်းကျပ်ကျပ် ချထားဆဲဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူတွေကလည်း အကဲခတ်ဖို့ ရောက်ရှိလာကြတုန်းပါ။

နေ့စဉ်ရက်ဆက်ဆိုသလို အင်းစိန်ထောင်အနီးကို သွားနေတဲ့ အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင်အပြင် ဒီကနေ့ မှာတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေဖြစ်ကြတဲ့ ဇိုမီးအမျိုးသားကွန်ဂရက်က ဦးကျင့်ရှင်းထန်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် စတဲ့သူတွေလည်း ရောက်လာကြတယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပြကြ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG