သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ASEAN-EU တောင်းဆို


ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင် စစ်ဆေးနေတဲ့အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေကို မြန်မာစစ်အစိုးရ တိုးပြီး ရင်ဆိုင်လာနေရပါတယ်။ အဲဒီထဲမှာ အခုနောက်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ASEM လို့ခေါ်တဲ့ အာရှနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ တိုက်တွန်းတောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အခုကျင်းပတဲ့ ၉ကြိမ်မြောက် ASEM အစည်းအဝေးမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးကြတဲ့အခါ အရင့်အရင်အကြိမ်တွေနဲ့ မတူဘဲ တက်ရောက်တဲ့နိုင်ငံ အားလုံးနီးပါးဆီကနေ တူညီတဲ့သဘောထားတွေ ထွက်လာခဲ့တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုတဲ့ ထူးခြားအားကောင်းတဲ့ ထုတ်ပြန်ချက်တခုကို အစည်းအဝေး အဆုံးသတ်မှာ ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေက တညီတညွတ် တည်း တောင်းဆိုခဲ့ကြပါတယ်။ အခုလို အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးက တသဘောတည်း တောင်းဆိုလိုက်တာဟာ အရေးကြီးတဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကားလ် ဘေ့လ်တ်(Carl Bildt) က ပြောပါ တယ်။

ဥရောပသမဂ္ဂရဲ့ အလှည့်ကျဥက္ကဋ္ဌ ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆီ ဦးတည်စေမယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ လက်တွဲ လုပ်ဆောင်ရမယ့် သူတဦးဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

အစည်းအဝေး တက်ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ
ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေက ဖိအားပေးတာကို ရင်ဆိုင်ခဲ့ရပြီး မြန်မာ စစ်အစိုးရ ရဲ့ လုပ်ရပ်ကို အပြင်းအထန် ခုခံကာကွယ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာအနေနဲ့ တစုတစည်းတည်း အားကောင်းကောင်းပြောဖို့ လိုလာပြီဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး လက်ခံလာကြပြီ ဆိုတာ ASEM အစည်းအဝေးကနေ ထွက်လာတဲ့ သတင်းတွေမှာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ အတူတကွ လက်တွဲလုပ်ကိုင်ကြဖို့ အချိန်မနှောင်းသေးပါဘူးလို့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာ အငယ်တန်းဝန်ကြီး ဘေလ်
ရမ်းမဲလ် (Bill Ramell) က ပြောပါတယ်။

“ASEM အစည်းအဝေးမှာ ပြောဆိုဆွေးနွေးကြတဲ့အခါ အာရှနိုင်ငံတွေရဲ့လေသံပြောင်းလာတာကို ကျနော်တွေ့ရပါတယ်။ အရင်တုန်းကဆိုရင် မြန်မာ့အရေးဟာ ပြည်တွင်းရေးဖြစ်တယ်လို့ ပြောခဲ့ကြတာပါ။ အခုတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေ
တာတွေဟာ ကျန်တဲ့ဒေသတခုလုံးကို ထိခိုက်နေတယ်ဆိုတာ အသိအမှတ် ပြုချင်လာကြပုံ ရပါတယ်။ ဥပမာအားဖြင့် မြန်မာ နိုင်ငံက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအရေးဟာ ဒေသတွင်းနိုင်ငံတွေပေါ်မှာ သက်ရောက်မှုရှိလာနေတဲ့ ကိစ္စမျိုး ဖြစ်ပါ တယ်။ လေသံပြောင်းလာနေပြီဖြစ်တာကြောင့် ကျနော်တို့ ဒါကို နောက်ထပ် တွန်းဖို့လိုပါတယ်။”

မြန်မာ့အရေးနဲ့ပတ်သက်ရင် နိုင်ငံတကာစင်မြင့်မှာ အမြဲလို ကာကွယ်ပြောဆိုခဲ့တဲ့ နိုင်ငံကတော့ မြန်မာ့အိမ်နီးချင်း တရုတ် နိုင်ငံ ပါ။ ဒါပေမဲ့ အခု ASEM အစည်းအဝေးမှာ တရုတ်နိုင်ငံကအစ အရင်နဲ့မတူဘဲ ပြောင်းလဲလာတာကို တွေ့ကြရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (Yang Jiechi) က ဒေါ်အောင်ဆန်းစုကြည် နာမည်ကို တိုက်ရိုက်ရည်ညွှန်း မပြောခဲ့ ပေမဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကိစ္စ ပြောဆိုခဲ့တယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးစတပ်ဘ်
(Alexander Stubb) က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့လေသံ ပြောင်းလာတယ်ဆိုတာကတော့ မေးခွန်းထုတ်စရာ မရှိပါဘူးလို့ နောက်ထပ် သံတမန်တဦးကလည်း ပြောပါတယ်။ ရိုက်တာသတင်းဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မေးတဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိတိကျကျ ပြောဖို့ ငြင်းခဲ့ပေမဲ့ ထုတ်ပြန်ချက်ကတော့ အားလုံးသဘောတူညီချက်နဲ့ ထုတ်မှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆိုရင်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် လေသံပြင်းပြင်း ပြောလာတာ ကို တွေ့နေရပါတယ်။ ဒါပေမဲ့ ဒီလောက် ပြောရုံနဲ့ မလုံလောက်သေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ နောက်ဆုံး တိုး ထားတဲ့ နေအိမ်အကျယ်ချုပ်သက်တမ်း မနက်ဖြန်မှာ ကုန်ဆုံးတဲ့အခါ ပြန်လွှတ်မပေးဘူးဆိုရင် အာဆီယံ အဖွဲ့ဝင် အဖြစ် ကနေ ယာယီရပ်ဆိုင်းပစ်ပြီး အရေးယူပါလို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့က တောင်းဆို ပါတယ်။

ဒါပေမဲ့လည်း အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့ဆိုတာက ဘယ်လောက်ထိ လက်တွေ့ကျကျ ဖြစ်နိုင်ခြေရှိသလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ မြန်မာစစ်အစိုးရဟာ သူတို့ကိုယ်တိုင် ပေးထားခဲ့တဲ့ ကတိတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့ အတွက် အခုလို တောင်းဆိုရတာဖြစ်တဲ့အကြောင်း AIPMC အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ၊ မလေးရှားလွှတ်တော်အမတ် လင်မ် ကစ်-ဆန်း (Lim Kit-seng) က ဗွီအိုအေကို ပြောပါတယ်။

“၆နှစ်ကြာ ဥပဒေမဲ့ ထိန်းသိမ်းထားပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာ လွှတ်ပေးသင့်ပါတယ်။ မနက်ဖြန် မှာ သူ့ကို လွှတ်မပေးဘူးဆိုရင်တော့ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပေးခဲ့တဲ့ ကတိတွေအတွက် မြန်မာ စစ် အစိုးရကို ယုံကြည်လို့မရတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြလိုက်တာပါပဲ။ ဒါ့ကြောင့်လည်း မြန်မာစစ်အစိုးရ ကို အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းပစ်ရေး တောင်းဆိုဖို့ AIPMC အနေနဲ့ သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ဒါကို နေ့ချင်းညချင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး။ အာဆီယံအစိုးရတွေအနေနဲ့ ဒီအချက်ကို အလေးအနက် ထားပြီး စဉ်းစားဖို့ အချိန်ရောက်လာပြီဆိုတာ ပြောချင်ပါတယ်။”

AIPMC ဒုတိယဥက္ကဋ္ဌ၊ မလေးရှားလွှတ်တော်အမတ် မစ္စတာ လင်မ် ကစ်-ဆန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၄၅ နိုင်ငံ တက်ရောက်ခဲ့တဲ့ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် စမ်းသပ်ခဲ့ပြန်တဲ့ကိစ္စ၊ ဘဏ္ဍာငွေကြေးအကျပ်အတည်း၊ ဝက်တုပ်ကွေးရောဂါ၊ ရာသီဥတုပြောင်းလဲမှု စတဲ့ ကမ္ဘာလုံးဆိုင်ရာအရေးတကြီးကိစ္စတွေ ဆွေးနွေးခဲ့ကြတဲ့ ကြားထဲမှာပဲ မြန်မာ့အရေးကိုလည်း အထူးအလေးထား ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG