သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်တရားခွင် ၈ရက်မြောက် ကျန်စွပ်စွဲခံရသူများကို စစ်ဆေး


တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲ ချက်နဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက အထူးတရားခွင်က ဒီကနေ့ ကျန် စွပ်စွဲ ခံရသူတွေ ရဲ့ ထွက်ဆိုချက်တွေကို ကြားနာခဲ့တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ မနေ့တုန်း က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတဲ့ အချိန်မှာလို သံတမန်တွေနဲ့ စာနယ်ဇင်း သမားတွေ တက်ရောက် ကြားနာခွင့်တော့ မရတော့ပါဘူး။ တရားခွင်က နောက်ဆုံး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံကို မေးမြန်းစုံစမ်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဆက်လက် စစ်ဆေးတာတွေ လုပ်နေတဲ့ ရန်ကုန်အင်းစိန်ထောင်တွင်း တရားခွင်မှာ၊ ဒီလို ကျူးလွန်ရာမှာ အားပေး ကူညီတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေထိုင်ကြတဲ့ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမ၊ နောက် နေအိမ် ခြံဝင်းထဲကို ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ သား ဂျွန် ဝီလီယံ ယက်ထော တို့က ရုံးတော်မှာ ထွက်ဆိုခဲ့တာလို့ ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ ဒီနေ့ တရားခွင်နဲ့ ပတ်သက်ပြီး စောစောကပဲ အင်းစိန်ထောင်က ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးကြည်ဝင်း။ ။ ဒီနေ့ ခင်ခင်ဝင်းကို စစ်တယ်။ နောက် ဝင်းမမကို စစ်တယ်။ နောက် ယက်ထောကို စစ်တယ်။ သူက ဘုရားသခင်က သူ့ကို လွှတ်လိုက်တာ။ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမယ်ဆိုလို့ ဒါတွေ ကို လာရောက်ပြီးတော့ သတိပေးတာပါ။

အောင်လွင်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ဆွေးနွေးခွင့်ရခဲ့သေးလား ခင်ဗျ။

ဦးကြည်ဝင်း။ ။ရုံးမထိုင်ခင် ၁နာရီ ကျော်ကျော်ပါပဲ။ သူက ရုံးကို စောစောသွားတာကိုး။ ရုံးကလည်း စောစောလည်းမှာတယ်။ လာပါဆိုလို့ ၉နာရီဆိုရောက်တယ်။ ဒေါ်စုတို့ ရောက်ပြီး သိပ်မကြာဘူး ၉နာရီ သာသာလောက်မှာ လာကြတယ်။

အောင်လွင်ဦး။ ။မနေ့တုံးက ရဲတပ်ဖွဲ့ရဲ့ ဒေါ်စုနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ရှိတယ်။ လူတွေဘယ်လို တွက်ဆ နေသလဲဆိုတော့ ဒီရှင်းလင်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့ ဆုံးဖြတ်ထားပြီးသားကို ပေါ်လွင်တယ်လို့ ပြောတာတွေ ရှိတယ်။ ဘယ်လို တွက်မိပါသလဲခင်ဗျ။

ဦးကြည်ဝင်း။ ။ကိုယ်လည်း မတက်လိုက်ရတော့။ ကိုယ်က အောင်ဆန်းဦး အမှုနဲ့ သွားတိုက်နေတော့ ကိုယ်က အဲဒီပဲ သွားလိုက်တယ်။ သွားလိုက်တော့ ဒီဘက်က သတင်းစာရှင်းလင်းပွဲကို မရောက်လိုက်ဘူး။ ကိုယ်တို့ဆီက ကိုလှမျိုး တယောက်ပဲ တက်တယ်။ ဒါပေမဲ့ သူတို့ကလည်း သတင်းစာရှင်းလင်းပွဲလို့သာ ပြောတာပါ။ သူတို့ဟာက ကြေညာချက် တရပ်ကို ပို့ပေးတာပဲ။ ပြောရရင် အပြစ်ရှာတာ မဟုတ်ပါဘူး။ သဘောတရားကို ပြောတာ။ ရက်စွဲတောင် မပါဘူးဗျ။ အဲတော့ ကိုယ်က ကိုယ့်ဟာကို ရက်စွဲလေး ထည့်ရ တယ်။ အချိန်နာရီတို့ ဒီအတိုင်းပဲ မရှိဘူး။ ရက်စွဲမပါတဲ့ ကြေညာချက်။ သို့သော် ကြေညာချက် ကြည့်လိုက် တော့ သူက သူတို့ ဆောင်ရွက်ချက်။ တနည်းအားဖြင့် သူတို့ ဆိုတာက အစိုးရတို့၊ ဗဟို အစိုးရအဖွဲ့တို့။ သူတို့ ဆောင်ရွက်ချက် ဥပဒေနဲ့ ညီတယ်လို့ ဆိုပြီး၊ ခြောက်နှစ် ခြောက်မိုး ချုပ်တာဟာ မှန်ပါတယ်ဆိုတဲ့ သဘောမျိုး ပြောတာ။

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အပေါ် ချမှတ်ထားတဲ့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ စစ်မေးတာတွေ လုပ်ဆောင်ခံနေရတဲ့ တရားခွင်မှာ မနေ့တုန်းက အပြစ်မရှိကြောင်း ကိုယ်တိုင် ခုခံ ချေပတဲ့ နေရာမှာတော့ သူ့နေအိမ်ခြံဝန်းထဲကို တိတ်တဆိတ် ရေကူး ဝင်ရောက်ခဲ့တယ် ဆိုတဲ့ အမေရိကန် နိုင်ငံသား John William Yettaw နဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို၊ စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ပဲ ရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ တာဝန်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှု အတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ တဖက်သတ် စီစဉ်ဆောင်ရွက်တာသာ ဖြစ်တယ် ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG