သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု မှာ ဗြိတိန်ဝန်ကြီးချုပ် ပါဝင်


ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာကြီး ဟာ တရားမမျှတတာတွေ အတွက် တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဂေါ်ဒန် ဘရောင်း က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထားတာ ကိုးရက်မြောက်နေ့ မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဟာ အင်တာနက် က တဆင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံး ဆောင်ရွက်နေကြပါတယ်။ ဇွန်လ ၁၉ ရက်နေ့ မှာ ကျရောက် မယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ ကို ရည်ရွယ်ပြီး ဖွင့်ထားတဲ့ အင်တာနက် စာမျက်နှာ မှာ လူ့အခွင့်အရေး လှုပ်ရှား သူတွေ နဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ က ဗွီဒီယိုတွေ၊ သတင်းစကားတွေ နဲ့ သူ့ လွတ်မြောက်ရေး နဲ့ မွေးနေ့ ဆုတောင်း စကား တွေ ကို တင်ပြ ရေးသားနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုလွှာ ကို လက်မှတ်ထိုးကြသူတွေ က လက်မှတ်ပေါင်း ၆ သိန်း ကို ဒီ အပတ် မှာ ရရှိနေပြီ လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ဖမ်းဆီးထားတဲ့အတွက် အမေရိကန် သမ္မတ ဘရက် အိုဘားမား က ရှုတ်ချလိုက်ပြီး၊ ဘယ်လို အကြောင်းအချက် မှ သတ်မှတ်မထားဘဲ၊ သူမ ကို ချက်ချင်းလွှတ်ဖို့ စစ်အစိုးရ ကို အမေရိကန် သမ္မတ အိမ်ဖြူတော် က အင်္ဂါနေ့ မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်ရှိ တရားစစ်ဆေးနေတာ ဟာ ယုတ္တိမတန်လှတဲ့ အကြောင်းတွေ ပေါ် အခြေခံပြီး ရုပ်ပြ တရားစစ်ဆေးနေတာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။


ထင်ရှားတဲ့ ကမ္ဘာ့ သက်ကြီး ခေါင်းဆောင်တွေ ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး၊ ၂၀၁၀ မှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ တရားဝင်နိုင်ပါ့မလား ဆိုတာ ကိုလည်း မေးခွန်း ထုတ်လိုက်ကြပါ တယ်။ သက်ကြီးခေါင်းဆောင်တွေ က ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ စစ်အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို တမျိုးသားလုံး ပါဝင်တဲ့ ဖြစ်စဉ် တစ်ရပ် နဲ့ ပြန်လည် သုံးသပ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ အမျိုးသား ဒိမိုကရေစီ အဖွဲ့ချုပ် နဲ့ အခြား ပါတီတွေ ပါဝင်ခွင့် ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အဲဒီ ရွေးကောက်ပွဲ မှာ နိုင်ငံတကာ က အကဲခတ်ပုဂ္ဂိုလ်တွေ ကိုလည်း ကြည့်ရှုခွင့် ပြုရမယ်လို့ သူတို့ က ဆိုပါတယ်။ ရွေးကောက်ပွဲ ကို နိုင်ငံတကာ က အသိအမှတ်ပြုဖို့ အနိမ့်ဆုံး အခြေအနေတချို့ ကို သတ်မှတ်ဆောင်ရွက်ဖို့လည်း အာဆီယန် ကို အယ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် ထူးခြားလှတဲ့ ဒီနေ့ မှာပဲ ကမ္ဘာမှာ ထင်ရှားတဲ့ သက်ကြီးခေါင်းဆောင်တွေ က မိုရိုကို နိုင်ငံ မှာ တွေ့ဆုံဆွေးနွေးပြီး အခုလို တောင်းဆိုခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကို မလွှတ်ခဲ့ရင်၊ မြန်မာနိုင်ငံ ကို အာဆီယန် အဖွဲ့ဝင် အဖြစ် က ရပ်ဆိုင်းထားဖို့ မြန်မာ့အရေး ဆိုင်ရာ အာဆီယန် လွှတ်တော် အမတ်များ အဖွဲ့ က ကျေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲသလို အဖွဲ့ဝင် အဖြစ် က ရပ်ဆိုင်းဖို့၊ ဒါမှမဟုတ် ပိတ်ဆို့အရေးယူဖို့ အပြစ် ပေး တာမျိုး အာဆီယန် ပဋိညာဉ် မှာ ပြဌာန်း မထားပါဘူး လို့ အာဆီယန် အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆုဝမ် က ပြောကြောင်း ကူဝိတ် သတင်း ဌာန က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG