သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကိုလွှတ်ဖို့ ဖိအားပေးတာတွေ မြန်မာစစ်အစိုးရ ပယ်ချ


ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေတဲ့ကိစ္စဟာ နိုင်ငံရေးကိစ္စ မဟုတ်ဘူး
လို့ မြန်မာစစ်အစိုးရက ချေပပြောဆိုလိုက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပြင်ပဖိအားတွေကို
လက်ခံမှာမဟုတ်တဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊
ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့
ဥရောပ ၂၇ နိုင်ငံတို့ရဲ့ ၁၇ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးမှာ အဲဒီလို
ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို
ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့
ဖိအားနဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို လက်ခံ
မှာမဟုတ်ဘူးလို့ မြန်မာ ဒုတိယနိုင်ငံခြားရေး
ဝန်ကြီး ဦးမောင်မြင့်က ဖနွမ်းပင်အစည်းအဝေး
မှာ ဒီကနေ့ ပြောသွားတာပါ။

“ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ ဂျွန်
ယက်ထော၊ ဒေါ်စုနဲ့အတူနေ အမျိုးသမီးနှစ်ဦး
တို့အပေါ် တရားစွဲဆိုနေတဲ့ကိစ္စဟာ ပြည်တွင်း
ဥပဒေရေးရာ ကိစ္စရပ်ဖြစ်ကြောင်း၊ ဒါဟာ
နိုင်ငံရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စ မဟုတ်
ကြောင်း၊ ဒါ့ကြောင့် ပြည်ပကဖိအားတွေနဲ့
ဝင်ရောက်စွက်ဖက်တာတွေကို မိမိတို့
လက်ခံမှာမဟုတ်ကြောင်း၊ ပြည်ပနိုင်ငံတွေ၊
အထူးသဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ
တွေက မြန်မာ့အရေးအပေါ် ပိုပြီးနားလည်မှုရှိလာမယ်လို့ မိမိမျှော်လင့်ပါကြောင်း”
မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဒါပေမယ့်လည်း အိမ်ထဲကို လူတယောက် ရေကူးဝင်လာနိုင်လောက်တဲ့ထိ လုံခြုံရေး
ပေါ့လျော့တဲ့ တာဝန်ရှိသူတွေကို အရေးမယူဘဲ အိမ်ထဲမှာ အကျယ်ချုပ်ကျနေသူကို
လူဝင်လာတာ လက်ခံလို့ဆိုပြီး အရေးယူတာဟာ နိုင်ငံရေးပါလို့သာဖြစ်တယ်လို့
ဥရောပ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဟန်ယောင်ဝေက တုံ့ပြန်ပြောဆိုပါတယ်။

“ဒီအမေရိကန်ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ဝင်သွားနိုင်တဲ့နေရာမှာ ဒါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန် မဟုတ်ဘူး။ တကယ်ကတော့ နအဖက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စောင့်ရှောက် လုပ်ပေးနေတဲ့ တာဝန်ခံဖြစ်ပါ
တယ်။ ဆိုတော့ ဒီပုဂ္ဂိုလ် အထဲရောက်သွားနိုင်တယ်ဆိုတာ အပြစ်က ဒေါ်စုဆီမှာမဟုတ်
ဘူး၊ အပြစ်က နအဖဆီမှာ။ ဒါပေမယ့် သူက သူ့အပြစ်ကို ဖုံးထားပြီး ဒီဟာက ဒေါ်စု
အပြစ်ဖြစ်ပါတယ်ဆိုပြီး တရားရုံးကို တင်ပါတယ်။ ဒီဟာက တကယ်မြင်နိုင်ရင် ဒါ
နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာ ရှင်းပါတယ်။ နိုင်ငံရေးမဟုတ်ဘူးဆိုရင် တကယ်က သူတို့
အရေးယူရမှာ သူတို့အရာရှိတွေကို အရေးယူရမှာ။ ဒေါ်အောင်ဆန်းစုကြည်ကို အရေး
ယူရမှာ မဟုတ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ
ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် အာရှ-ဥရောပ ၄၅ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
အစည်းအဝေးကနေ တောင်းဆိုထားတဲ့ ကြေညာချက်တစောင် ထွက်ခဲ့ပြီးတဲ့နောက်
မြန်မာစစ်အစိုးရရဲ့ အခုတုံ့ပြန်ချက်ဟာ အပြင်းထန်ဆုံး တုံ့ပြန်ချက်လို့ ဆိုရမှာပါ။ အခု
ဖနွမ်းပင် အစည်းအဝေးမှာလည်း အာဆီယံနဲ့ အီးယူအကြား ဆက်ဆံရေးတိုးတက်စေ
ဖို့ ဆွေးနွေးကြမှာဖြစ်ပေမယ့် မြန်မာ့အရေးကလည်း လွှမ်းမိုးနေမှာ သေချာပါတယ်။

အာဆီယံဥက္ကဋ္ဌအနေနဲ့ ထိုင်းနိုင်ငံက ထုတ်ပြန်တဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကို
မြန်မာစစ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း
ထိုင်းနဲ့မြန်မာတို့ အပြန်အလှန် ပြောဆိုသံတွေ ကြားခဲ့ရပါသေးတယ်။

ဟနွိုင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အာဆီယံဝန်ကြီးတွေရဲ့ အလွတ်ဆွေးနွေးပွဲမှာလည်း
ဒီတရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို တခြားအာဆီယံဝန်ကြီးတွေက
ရင်ဆိုင်ပြောဆိုခဲ့ကြတယ်လို့ အေအက်ဖ်ပီသတင်းမှာပဲ ဖော်ပြထားပါတယ်။ အဲဒီ
အစည်းအဝေးအပြီးမှာ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan)
က ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အာဆီယံ
အဖွဲ့ရဲ့ ရုပ်ပုံလွှာနဲ့ တခုလုံးအကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုတာကို အဓိက ဆွေးနွေး
ခဲ့ကြတယ်လို့ ပြောခဲ့ပါသေးတယ်။

အာဆီယံအဖွဲ့ဟာ အခုတကြိမ်မှာတော့ အရင့်အရင် မြန်မာနိုင်ငံကိစ္စတွေနဲ့ မတူဘဲ
အတော်လေးကို ဝေဖန်ပြောဆိုလာတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုတို့က
တောင်းဆိုသလို အာဆီယံအဖွဲ့ကလည်း တောင်းဆိုခဲ့ပါတယ်။

အခုလို တရားစွဲတဲ့ကိစ္စကြောင့် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုနဲ့ ဖိအား
ပေးပြောဆိုတာတွေဟာ အရင့်အရင်ကာလတွေနဲ့မတူဘဲ ထူးထူးခြားခြား ပြင်းထန်မှု
ရှိတယ်ဆိုတာကို ဦးဟန်ယောင်ဝေက သဘောတူပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ
ဘက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို အလေးထားစဉ်းစားမယ့်ပုံ၊
တောင်းဆိုချက်တွေကို လိုက်လျောပေးမယ့်ပုံ အခုချိန်ထိ မတွေ့ရသေးပါဘူး။ ဒီတော့
နိုင်ငံတကာကနေ ဖိအားပေးပြောဆိုနေတာတွေက ဘယ်လောက်များ ထိရောက်
လာမှာပါလဲ၊ ဦးဟန်ယောင်ဝေက အခုလို သုံးသပ်ပါတယ်။

“တိုက်ရိုက် ဘာမှမထူးခြားလာဘူး ဆိုပေမယ့် နအဖလုပ်ချင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ
ကို ထိခိုက်မယ်။ ဒါ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် နအဖက ရွေးကောက်ပွဲ
လုပ်ပြီးရင် လူတိုင်းက သူ့ကိုလက်ခံသွားမယ်၊ တရားဝင်ဖြစ်သွားမယ်။ ဒေါ်စု
ရုံးတင်တဲ့ကိစ္စကြောင့် အဲဒါ မဖြစ်လာနိုင်တော့ဘူး။ ကျနော် အဲလိုပဲ မြင်ပါတယ်။”

ဥရောပ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဟန်ယောင်ေ၀ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပေါ်ကို အခုလို အရေးယူဆောင်ရွက်နေတာဟာ နိုင်ငံရေးအရ
အကျိုးသက်ရောက်မှု တစုံတရာ ဖြစ်ပေါ်လာနိုင်ဖွယ် မရှိတဲ့အတွက် ဆက်ပြီးတော့
လုပ်ဆောင်သွားမယ့်အကြောင်း ဒီကနေ့မှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်တာကို အစိုးရအာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မေလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေး ထုတ်ပြန်
ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG