သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့်တိုင် အရေးမယူသေး


နိုင်ငံတွေရဲ့ သမိုင်းမှာ အထိမ်းအမှတ်ပြုတဲ့နေ့တွေ ရှိတတ်ကြပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ပြီး ဒီဘက်ခေတ်၊ အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းအချိန်ကစပြီး အမှတ်ရစရာ နေ့တွေက သိပ်များလာပါတယ်။ မင်္ဂလာရှိတဲ့နေ့တွေထက် သွေးချောင်းစီးခဲ့တဲ့ နေ့ရက်တွေက ပိုများလာပါတယ်။ အခုတလော ပိုပိုပြီးတော့ စိပ်လာတာတွေ့ရပါတယ်။

ဒီအထဲမှာမှ လွန်ခဲ့တဲ့ခြောက်နှစ် ဒီကနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးအခင်းဆိုရင် မြန်မာ့သမိုင်းကို အတော်ကို အောက်တန်းကျ အကျည်းတန် အရုပ်ဆိုးစေတဲ့နေ့လို့ ဆိုရပါလိမ့်မယ်။ အဲဒီနေ့က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတချို့ကို အခု မကြာခင်ကပဲ ကျနော် ပြန်ကြည့်ပါတယ်။ အကြမ်းဖက်သမားတွေကို အမှောင်ထဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူစိတ်ပျောက်ပြီးတော့ သရဲသဘက်တွေ မကောင်းမိစ္ဆာတွေ ဝင်ရောက်ပူးကပ်နေလေသလားလို့ ထင်ရ လောက်အောင် ကြောက်စရာကောင်းတဲ့ ရုပ်လက္ခဏာတွေနဲ့ ဝါးရင်းတုတ်တွေ ကိုင်ထားတာ တွေ့ရပါတယ်။ ဒီလူတွေ အပါအဝင် သူတို့ကို ခိုင်းတဲ့သူတွေက ဒီဖြစ်ရပ်တွေကို မမေ့ရင်တောင်မှ မေ့ချင်ယောင်ဆောင်နေကြမှာ ဖြစ်ပေမဲ့ ခံခဲ့ရတဲ့ သူတွေကတော့ ဘယ်မေ့နိုင်ပါ့မလဲဗျာ။ ကိုယ်တိုင် ခေါင်းကွဲအောင် ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ညွှန့်ညွှန့် ဆိုရင် ဒီနေ့ပဲ အခုလို ပြန်ပြောခဲ့ပါတယ်။

“ဘယ် မေ့ပျောက်နိုင်မှာလဲရှင်။ ကျမရှေ့မှာ လူလေးယောက်လောက်ကို ရိုက်ပြီး ကျမ သားသမီးအရွယ် ကလေးတွေ တပြုံကြီးသေတာ ကျမ ဘယ်မေ့လို့ ရပါ့မလဲ။ အိပ်မက်ဆိုးကြီးက ဒီနှစ်ဒီရက်ဆိုရင် တော်တော် ခံစားရတာပေါ့။ အခုလည်း ကျမ အဲဒီကိစ္စအတွက် သေဆုံးသွားတဲ့လူတွေ ကောင်းရာဘုံရောက်ဖို့ ကျမနဲ့အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ အဖမ်းခံရတဲ့ ရဲဘော်တွေ လွတ်မြောက်ဖို့အတွက် ကျမကတော့ ဒီနေ့ရောက်တိုင်း ဆွမ်းကပ်ပြီးတော့ အမြဲတမ်း ဆုတောင်းပေးနေပါတယ်။”

ရိုက်တဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း အထွေအထူး စစ်မေးနေစရာ မလိုပါဘူး။ သူတို့ကိုယ်တိုင် သူတို့ဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို ပြောဆိုရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

“သူတို့က ရိုက်ကတည်းကိုက ပြောတယ်။ ငါတို့က စွမ်းအား၊ တံတားတွေဆောက်၊ လမ်းတွေဖောက်နေတာ သိသလား ဆိုပြီး ကျမ နားထဲကို ဝါးချွန်နဲ့ ထိုးလိုက်တာ အခုချိန်ထိ ကျမနားမှာ တဖက်က ပိတ်နေပါတယ်။”

သူတို့က စွမ်းအား ဖြစ်တယ်ဆိုပြီးတော့ ရိုက်တဲ့သူကပြောပါတယ်။ လမ်းတွေဖောက် တံတားတွေ ဆောက်နေတယ် ဆိုတော့လည်းပဲ ဒါဟာ အာဏာလက်ရှိ စစ်အစိုးရရဲ့ သူတွေ၊ သူတို့ရဲ့ လက်ပါးစေတွေ ဆိုတာ ပေါ်လွင်နေပါတယ်။

ဆိုတော့ ဒီဖြစ်ရပ်ဟာ ဘယ်သူတွေလက်ချက်လဲ ဆိုတာတော့ သိရပါပြီ။ ဘယ်လို အရေးယူနိုင်သလဲ ဆိုရင်တော့ ပြည်တွင်းမှာ အရေးယူဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အာဏာလက်ရှိလူတွေရဲ့ လုပ်ရပ်ပါ။ အာဏာရှင်နိုင်ငံတွေမှာ ဒီလိုကိစ္စမျိုး မကြာခဏ ဖြစ်တတ်ပြီး တရားဥပဒေဟာ ဆွံ့အနေတတ်ပါတယ်။ ပြစ်မှု ကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့လူတွေ တာဝန်ရှိတဲ့သူတွေတောင် ရာထူးတိုးတက်သွားတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားခဲ့ရပါတယ်။ ဒါဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကရော ဘယ်လို အရေးယူနိုင်ပါသလဲ။ ဒါလည်းပဲ သိပ်မလွယ်နိုင်သေးဘူးလို့ ထင်ပါတယ်။ အာဏာ လက်ရှိအစိုးရကို အကြောင်းအမျိုးမျိုးကြောင့် အကာအကွယ်ပေးနေတဲ့နိုင်ငံတွေ ကမ္ဘာမှာရှိနေပါတယ်။ ဒါပေမဲ့ BLC လို့ခေါ်တဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒီကိစ္စကို လက်မလျှော့သေးပါဘူး။

“ကျနော်တို့ မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့ ကြားထဲမှာတင်ပဲ ကျနော်တို့ အတိုက်အခံ အင်အားစုတွေအားလုံးနီးပါးရော နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်တဲ့ seminar တခုကို ဘန်ကောက်မှာ ကျင်းပနိုင်ခဲ့တယ်။ ကျင်းပပြီးတော့ ကျနော်တို့ သဘောတူညီချက် တော်တော်များများ ရယူနိုင်ခဲ့တယ်။ ဘာလဲဆိုတော့ တချိန်ကျရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြစ်မှုကြီးတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကိုရောက်အောင် ကြိုးပမ်းသွားဖို့ ဦးတည်ချက် ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အရင်က မဖြစ်ခဲ့တဲ့ အခြေအနေတွေ ဖြစ်တယ်။ အခုဖြစ်လာပြီ။ တကမ္ဘာလုံး ကျနော်တို့ နိုင်ငံကိစ္စကို စိတ်ဝင်စားသူ တော်တော်များများက ဒီလမ်းကြောင်းကို လျှောက်လှမ်းလာနေတာ တွေ့ရပါတယ်။”

တကယ်တမ်းမှာတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမျက်အမုန်းထားပြီး အရေးယူစေချင်တာ အပြစ်ပေးစေချင်တာထက် ဒီလို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုမျိုးကို တရားဥပဒေနဲ့အညီ မဖော်ထုတ်မဟန့်တားနိုင်ဘူး ဆိုရင် ဒီလို ဖြစ်ရပ်မျိုးတွေဟာ မကြာခဏ ပြန်ပြီး ဖြစ်လာနိုင်တတ်ပါတယ်။ ဖြစ်လည်းဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စ တွေကို အရေးယူမဆောင်ရွက်နိုင်သမျှ မြန်မာနိုင်ငံဟာ တရားဥပဒေ ကင်းမဲ့သော လူ့ယဉ်ကျေးမှုနဲ့ မထိုက်တန် သော၊ အစွယ် ရှိတဲ့သူက မရှိတဲ့သူကို နိုင့်ထက်စီးနင်း လုပ်နိုင်တဲ့ တောတွင်း အရိုင်းအစိုင်း တိရစ္ဆာန်တွေရဲ့ ဥပဒေကြီးစိုးသော လူ့ အဖွဲ့အစည်းတခုအဖြစ် ဖြစ်နေဦးမယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG