ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ဦး ဉာဏ်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက် နေတဲ့ ရှေ့နေတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခွင့် ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီး ပြန်အလာမှာ ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ တွေ့တဲ့ကိစ္စက အပြီးသတ်လျှောက်လဲချက်အတွက် ကျနော်တို့ရဲ့ ဥပဒေဆိုင်ရာ အမြင်တွေကို ပြောတယ်။ ဒီတမှုလုံးမှာ သူ မြင်တွေ့တာတွေကို ပြောတယ်။ ဒီဟာ ပေါင်းစပ်ပြီးတော့ ကျနော်တို့ လျှောက်လဲချက် ပေးရမှာ။”
ရက်ချိန်းကိုတော့ အခုလာမယ့် တနင်္လာနေ့ကနေ သောကြာနေ့ ရွှေ့လိုက်တယ်ဆိုတာရော သေချာလားခင်ဗျ။ -
“သေချာပါတယ်။ ကျနော်တို့ဆီကို တရားဝင်စာနဲ့ အကြောင်းကြားတာပါ။”
ဘာကို အကြောင်းပြပါသလဲ။ -
“အကြောင်းပြချက် မပါ ပါဘူး။ ၁ ရက်နေ့ကို ၅ ရက်နေ့ ရွှေ့တယ်။ အဲဒါပဲ အကြောင်းကြားတာပါ။ တရားသူကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး အကြောင်းကြားတာပါ။”
ဒီနေ့ အဲန်ကယ်လ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်သလားခင်ဗျ။ -
“ကျနော်တို့ ၂ နာရီကနေ ၄ နာရီခွဲအထိ တွေ့ပါတယ်။”
အဲန်ကယ်လ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီလောက် ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခွင့်ရခဲ့တယ်ပေါ့။ -
“ဟုတ်ကဲ့ပါ။”
အခုတွေ့တာ ဒေါ်အောင်ဆန်းစုကြည်ကို ထားထားတဲ့အိမ်မှာပဲ ဧည့်ရိပ်သာမှာပဲ တွေ့ခွင့်ရတာလား။ -
“မဟုတ်ပါဘူးဗျ။ အဆောက်အဦ တခု၊ ရိပ်သာတခုပေါ့ဗျာ။ ဧည့်ရိပ်သာတခုမှာ ကျနော် ရယ် ဆရာဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဝင်း၊ ဒေါ်ဝင်းမမ ရယ် ၆ ယောက် အဲဒါ တွေ့ကြတာပါ။ ၆ ယောက်ပေါ့၊”
အခုလိုတွေ့ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာမဟုတ်ဘဲ သီးသန့်တနေရာကို ခေါ်သွားပေးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။ -
“ကောင်းပါတယ်။ ကောင်းပါတယ် ဆိုတာက ကျနော်တို့လည်း သေချာမေးတယ်။ သူ့ကို ဆေးမှူးချုပ်က စမ်းသပ်စစ်ဆေးပြီးတော့ ဆေးနှစ်မျိုးကို ရပ်ခိုင်းတယ်။ အဲဒီ ဆေးနှစ်မျိုး ရပ်ခိုင်းလိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး တော်တော် သက်သာသွားပြီဖြစ်တယ်လို့ အဲဒီလို ပြောပါတယ်။ ကြွက်တက်တဲ့ဟာလေ။”
နောက်တဆင့်ကတော့ သောကြာနေ့မှာ အဲန်ကယ်လ်တို့ဘက်က နောက်ဆုံး လျှောက်လဲချက် တင်ရမှာပေါ့။ ဟုတ်လားခင်ဗျ။ -
“ဟုတ်ပါတယ်။ နှစ်ဖက်လုံး သွင်းရမှာပါ။ အစိုးရဘက်ကလည်း သွင်းရမယ်။ ကျနော်တို့လည်း သွင်းရမယ်။”
ဒီကိစ္စက ဥပဒေလမ်းကြောင်းအရ ဆိုရင်တော့ သောကြာနေ့ လျှောက်လဲချက် တင်ပြီးရင် ဒါ စီရင်ချက် ချဖို့ပဲ ကျန်တော့တာပေါ့။ -
“ဟုတ်ကဲ့။ အမိန့်ချရဖို့ပဲ ကျန်မှာပါ။ စီရင်ချက် ချရဖို့ပဲ ကျန်မှာပါ။”