သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှုအပေါ် စစ်အစိုးရ ခုခံ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတဲ့ အမေရိကန် ဂျွန်ယက်ထော ကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် အပြစ်ပေးဖို့က လွဲပြီး တခြားလမ်းမရှိဘူးလို့ မြန်မာ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်အေးမြင့် က တနင်္ဂနွေ စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေး နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသား တရားမဝင် ဝင်ရောက်မှုကို အာဏာပိုင်တွေထံ အကြောင်းမကြားဘဲ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ပြောခဲ့တဲ့အပြင်၊ ဒီတရားမဝင် လာရောက်သူကို ကျွေးမွေးပြီး ခိုလှုံခွင့်ပါပေးခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစုံတရာ ချိုးဖောက်တာ မတွေ့ရဘူးလို့ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မစ္စတာယက်ထော ပထမအကြိမ်လာရောက်စဉ်က အာဏာပိုင်တွေကို ပြောကြားခဲ့ပေမဲ့ အရေးယူမှု တစုံတရာ မရှိတဲ့အပြင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်မှု တားဆီးမှု တစုံတရာ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေဖြစ်သူတွေနဲ့ မနေ့က အင်းစိန် ထောင်ဝန်းထဲမှာ ၂နာရီကြာ တွေ့ဆုံ ခွင့် ပေးခဲ့တာမို့ ကျန်းကျန်းမာမာနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို တနင်္လာနေ့ကနေ သောကြာနေ့ကို ရွှေ့ဆိုင်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ကာကွယ်ရေးဝန်ကြီးများအဆင့် အာရှဒေသလုံခြုံရေး အစည်းအဝေးကို တက်ရောက်လာ တဲ့ ဗြိတိန်နိုင်ငံက နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီး အန်းတေလာက ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးသင့်တဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ထောက်ခံ ပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး မြန်မာ စစ်အစိုးရအနေနဲ့ အတိုက်အခံ တွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG