သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်လေယာဉ် အတ္တလန္တိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့ခြင်းဖြစ်နိုင်


ခရီးသည် ၂၂၈ ယောက်ပါတဲ့ ပြင်သစ်လေကြောင်းပိုင် Air France လေယာဉ်တစင်းဟာ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ ကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီ ပျံသန်းလာစဉ် ပျောက်ဆုံးသွားပါတယ်။ မုန်တိုင်းမိပြီး အတ္တလန္တိတ် သမုဒ္ဒရာထဲကို ပျက် ကျသွားတယ်လို့ ယူဆရပါတယ်။

ခရီးစဉ်နံပါတ် - ၄၄၇ နဲ့ လေယာဉ်ပျံဟာ ပျံတက်ပြီး အနည်းဆုံး ၄ နာရီအထိတော့ ပုံမှန်ပဲဖြစ်ပြီး နောက်ပိုင်းမှာ ဘရာဇီး မှာရှိတဲ့ မြေပြင်ထိန်းချုပ်မှု စခန်းရဲ့ ရေဒါ ကနေ ပျောက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ Airbus 330 လေယာဉ်ဟာ ရာသီဥတုဆိုးရွားပြီး အင်အားပြင်းတဲ့ လေကြီးမိုးကြီး ကျတတ်တဲ့ အီကွေတာနားက မုတ်သုန် ရာသီဇုန်ကို ဖြတ်သန်းသွားပုံ ရပါတယ်။ အဲဒီအချိန်လောက်မှာ လေယာဉ်ပေါ်မှာ လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေ ရှိနေတယ်လို့ အလိုအလျောက် သတင်းပို့စက်ကနေ သတင်းပြန်ပို့ပါတယ်။

လေကြီးမိုးကြီးနဲ့အတူ မိုးကြိုးပစ်မှုတွေကြောင့် လေယာဉ်ပျက်ကျခဲ့နိုင်တယ်လို့ ပြင်သစ်လေကြောင်း ပြောခွင့်ရသူက ပြော ပါတယ်။

လေယာဉ်တွေကို မိုးကြိုးပစ်တာ မကြာခဏ ဖြစ်တတ်ပေမဲ့ အဲဒါတခုတည်းကြောင့် လေယာဉ်ပျက်ကျတယ်လို့တော့ ပြောဖို့ ခက်တယ်လို့ လေကြောင်းပျံသန်းမှု ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ သတင်းထူးသိရဖို့ Charles de Gaulle လေဆိပ်မှာ စောင့်နေကြတဲ့ ခရီးသည် မိသားစုတွေကို ပြင်သစ်သမ္မတ Nicolas Sarkozy က သွားရောက် နှစ်သိမ့် အားပေးခဲ့ပါတယ်။ အသက်ရှင်ကျန်နေသူတွေကိုရှာတွေ့နိုင်ဖို့ အခွင့်အလမ်း နည်းပါးတယ်လို့လည်း သမ္မတ Sarkozy က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG