သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေကိစ္စ ပြင်ဆင်ချက် ရန်ကုန်တိုင်း တရားရုံး ကြားနာမည်


ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံချေပဖို့ တင်သွင်းတဲ့ သက်သေတွေကို ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ လျှောက်လဲတင်ပြချက်ကို တရားရုံးကလက်ခံလိုက်ပါတယ်။ အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည်သုံးသပ်လက်ခံဖို့ အကျိုးဆောင်ရှေ့နေတွေရဲ့ တင်ပြချက်ကို ကြားနာပြီး အခုလို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံလိုက်တာပါ။ တရားခွင် အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ သူ့ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမယ့် တရားရုံးက လက်မခံပဲ တယောက်သာ ခွင့်ပြုခဲ့တဲ့အတွက် ရန်ကုန်တိုင်းတရားရုံးကို ပြင်ဆင်ချက် လျှောက်ထားတာကို အခုနောက်ဆုံး လက်ခံလိုက်တာပါ။ သက်သေ ၄ ယောက် အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို တင်သွင်းခဲ့ပေမယ့် ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့တဲ့နောက် အခုလို ပြန်လည်သုံးသပ်ဖို့ လျှောက်ထားခဲ့တာကို လက်ခံခဲ့တာပါ။ ဒီအတွက် မူလက သတ်မှတ်ထားသလို အပြီးသတ်လျှောက်လဲချက်ပေးမယ့် အစီအစဉ်ဟာလည်း နောက်ဆုတ်သွားပါပြီ။ ရန်ကုန်တိုင်း တရားရုံးက အခု နောက်ဆုံး ကြားနာပြီး လျှောက်လဲချက်ကို လက်ခံခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြတာကတော့ ....

“ကျွန်တော်တို့ ဒီနေ့ ၃နာရီ တိုင်းတရားသူကြီးရုံးမှာ ကျွန်တော်တို့ တဘက်ပဲ လျှောက်လွှာတင်တယ်။ ဒီအမှုကို လက်ခံ ထိုက်တယ်ဆိုတာကို ကျွန်တော်တို့ အကိုးအကားတွေနဲ့ လျှောက်လွှဲချက်ပေးပါတယ်။ လျှောက်လွှဲချက် ပေးပြီးတော့ တိုင်း တရားသူကြီးက အမှုကို လက်ခံတယ်ဆိုတဲ့ အမိန့်ချပါတယ်။ ပြီးတော့ ၂ဘက်ပေါ့၊ တရားလိုဘက်ရော၊ ကျွန်တော်တို့ဘက် ရော လျှောက်လွဲှချက် ပေးဖို့ ၅ရက်နေ့ ၃နာရီကို ရက်ချိန်းပေးပါတယ်။ ၅ရက်နေ့ ၃နာရီ ကြားနာပြီးရင် သင့်တော်တဲ့ တရက်မှာ တရားသူကြီးက အမိန့်ချမယ်။ ကျွန်တော်တို့ ပြောတဲ့အတိုင်း လက်ခံတယ်ဆိုရင် အောက်ရုံးမှာ သက်သေတွေ ထပ်စစ်ရမယ်။ အင်းစိန် တရားရုံးမှာ ၅ရက်နေ့ မနက် ၁၀နာရီမှာ အပြီးသတ် လျှောက်လွှဲချက်ပေးဖို့ ရက်ချိန်း ပေးထားပါ တယ်။ အဲဒီ ရက်ချိန်းက အခုလို တိုင်းတရားရုံးက အမှုကို ပြင်ဆင်ဖို့ လက်ခံလိုက်တယ်ဆိုတဲ့ အဲဒီ ရက်ချိန်းကတော့ အလိုလို ရွှေ့သွားပါတယ်။ တိုင်းတရားရုံးက ဒီပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အပြီးသတ် အမိန့်မချမချင်း အဲဒီဟာ ရွှေ့မယ်။”

အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေ ၁ ယောက်သာ တင်ပြ ထွက်ဆိုခွင့် ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဖက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆို ခွင့်ရခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောနေတာပါ။ အခုလို ပြင်ဆင်ချက်ကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ရည်ရွယ်ထားသလို သက်သေတွေ အားလုံး တရားခွင်မှာ ကြားနာခွင့်ရမယ် ဆိုရင်တော့ ခုခံချေပဖို့အတွက် အလားအလာတွေ ရှိလာလိမ့်မယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက မျှော်လင့်ထားကြ တာပါ။

“ဥပဒေ သဘောအရတော့ အရေအတွက်ကတော့ အရေးမကြီးပါဘူး။ အရည်အချင်းက အရေးကြီးတယ်။ ဒါပေမဲ့ ဒီလို ကျွန်တော်တို့ဘက်ကို တယောက်တည်း ပေးထားပြန်တော့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် တဘက်စောင်းနင်း သဘောရောက် တယ်။ အဲဒီတော့ ကျွန်တော်တို့ တင်ပြတဲ့ သက်သေကို အပြည့်အ၀ ပေးလို့ရှိရင် ကျွန်တော်တို့ ခုခံချင်တဲ့ လမ်းကြောင်းကို ကျွန်တော်တို့ အပြည့်အ၀ လုပ်လို့ ရတဲ့ သဘောပေါ့။”

ဒေါ်အောင်ဆန်းစုကြည် ကို တရားခွင်မှာတင်ပြီး ရှေ့နေ ရှေ့ရပ်တွေနဲ့ ခုခံကာကွယ်ခွင့်ပေးထားပေမဲ့၊ တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုမရှိဘူး၊ အာဏာပိုင်တွေရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒါပေမဲ့လည်း အခုနောက်ဆုံး ဒီလို ပြင်ဆင်ချက်ကို လိုက်လျောလာတာမျိုးတွေ ရှိလာနေတဲ့အချိန် ဒါဟာ တရားစီရင်ရေး စနစ်လွတ်လပ်မှုရှိလာပြီလို့ ယူဆနိုင်ပါသလား။ ဦးဉာဏ်ဝင်း ကတော့ အခုလို မှတ်ချက်ပေးပါတယ်။

“ကျွန်တော်တို့ အားလုံးကို ခြုံပြီးတော့၊ အပြီးသတ် အမိန့်လည်း မရသေးတော့ မပြောနိုင်ဘူး။ လက်ခံ တိုင်းတရားရုံးက လက်ခံတာကတော့ ကျွန်တော်တို့ ဥပဒေ လမ်းကြောင်းကို ဦးတည်တဲ့ လက္ခဏာ အဖြစ်လို့ ကျွန်တော် မြင်ပါတယ်။ ဥပဒေနဲ့ အညီသာ အဆုံးအဖြတ်ပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ပြစ်မှုကိုမှ မကျူးလွန်ဘူးလို့ ဥပဒေအရ ကျွန်တော် မြင်ပါတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ရင်တော့ ကျွန်တော် ခန့်မှန်းပြီးတော့ မပြောသင့်ပါဘူး။ တရားရုံးပေါ် မှာပဲ မူတည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပါ။ တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ အခုလာမယ့် သောကြာနေ့ ကျရင် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ အစောပိုင်းတုန်းက သတ်မှတ်ထားတာမို့၊ မကြာခင် စီရင်ချက်တရပ် ချမှတ်လိမ့်မယ်လို့ တွက်ဆနေခဲ့ကြတာပါ။ ဒါပေမဲ့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ တရားရုံး ဆုံးဖြတ် ချက် အရဆိုရင်တော့ တွက်ဆထားသလောက် မြန်ဆန်မှာမဟုတ်တော့ဘူးလို့ ဆိုရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG